မန္တလေးခရိုင်တရားရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူဦးရေ ၃၀၀ကျော်၏ ကိုယ်ရေးအချက်အလက် ရဲတပ်ဖွဲ့ရယူသွား

မန္တလေးခရိုင်တရားရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူဦးရေ ၃၀၀ကျော်၏ ကိုယ်ရေးအချက်အလက် ရဲတပ်ဖွဲ့ရယူသွား

ဒီဇင်ဘာလ ၂၇ ရက်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးခရိုင် တရားရုံး၌ ယနေ့  ဒီဇင်ဘာလ ၂၇ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းတွင် တရားရုံးအတွင်းရှိ လူဦးရေ ၃၀၀ ကျော်ခန့်၏ ကိုယ်ရေးအချက်အလက်များကို ရဲများက ရယူသွားကြောင်း သိရသည်။ 

ပေါက်ကွဲပြီး မိနစ် ၂၀ အတွင်း ရဲများရောက်လာပြီး စစ်ဆေးမှုများ ရှိခဲ့ကြောင်း၊ ရုံးထဲ ရောက်နေသူများ အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး နေ့လယ် ၁နာရီမှ အပြင်ထွက်နိုင်ခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူကပြောသည်။ 

တရားရုံးအတွင်းရှိ တာဝန်ရှိသူများနှင့် ပြည်သူများ စုစုပေါင်း ဦးရေ ၃၀၀ ကျော်ကို တရားရုံးထဲမှ မထွက်မီ နေ့လယ် ၁နာရီ ဝန်းကျင်တွင် တန်းစီခိုင်းပြီး ကိုယ်ရေး အချက်အလက်များနှင့် ဓာတ်ပုံများ ရိုက်ယူသွားကြခြင်းဖြစ်သည်။ 

''ကျွန်တော်တို့ မထွက်ခင် တိုင်လုံးကြီးတွေရှိနေတဲ့နေရာမှာ တန်းစီခိုင်းပြီး ကိုယ်ရေးအချက်အလက်တွေ တရားရုံးကိုလာရတဲ့အကြောင်းရင်းတွေမေးပြီး ဓာတ်ပုံတွေရိုက်ယူတယ်။ လူတွေက များတော့ အကြာကြီး စောင့်လိုက်ရတယ်။ ပြန်တော့လည်း ဂိတ်ဝအထိ ဆယ်ယောက်တစ်တွဲ လုံခြုံရေးအပြည့်နဲ့လိုက်ပို့တယ်''ဟု ကိုယ်တွေ့ကြုံသူတစ်ဦးက ပြောသည်။ 

တရားရုံး ဒုတိယထပ် စင်္ကြံလမ်းတွင် ပေါက်ကွဲခဲ့သည်မှာ မိုင်း သို့မဟုတ် ချိန်ကိုက်ဗုံးဟု ပြောဆိုနေကြသည်။ 

''ကျန်တဲ့ အထပ်တွေထိပါ ယမ်းငွေ့တွေရတယ်။ အသံကျယ်ချက်က ကိုယ့်ဘေးနား ပေါက်သလားပဲ။ စင်္ကြံလမ်း တပ်ထားတဲ့ ကင်မရာ (CCTV) တည့်တည့်ပေါက်တာ။ မှန်တွေကွဲတယ်။ လူအထိအခိုက်မရှိဘူး။'' ဟု ပြည်သူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required