ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူ၍ လက်နက်များတပ်ဆင်ပေးထား ဟုဆို

ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူ၍ လက်နက်များတပ်ဆင်ပေးထား ဟုဆို

ဒီဇင်ဘာလ ၂၇ ရက်

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီက ပြန်လည်ခေါ်ယူကာ လက်နက်များ တပ်ဆင်ပေးထားသည်ဟု အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း တစ်ဦးထံမှ သိရသည်။

မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းရုံးများမှ တစ်ဆင့် ပြန်လည်ဆက်သွယ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အချို့ကို တိုက်ခန်းပေးမည်၊ မြေကွက်ပေးမည်ဟု စွဲဆောင်ကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။

“ဆိုက်ကားနင်းရင်း ရေထမ်းစားနေတဲ့ကောင်ကိုတော့ ရိက္ခာပေးမယ်။  တစ်လကို သုံးသိန်းခွဲပေးမယ်ဆိုပြီးတော့ ခေါ်တယ်။လေ့ကျင့်ရေး တစ်ပတ်ပြန်လုပ်ခိုင်းပြီး တပ်လုံခြုံရေးနဲ့ မြို့တွင်းလုံခြုံရေးတွေမှာ ချထားတယ် ။ အခုထိတော့ ကျွန်တော်တို့ဆီကနေ ရှေ့တန်းပို့လိုက်တဲ့သူမရှိသေးဘူး။  သေနတ်တွေတော့ ပြန်ထုတ်ပေးထားတယ် ။ သူတို့ပြောသလို တကယ်ပေး၊ မပေးကတော့ လကုန်မှသိရမယ်။ ရှေ့မှာက ရိက္ခာနဲ့ စရိတ်ပဲပေးထားသေးတာ”ဟု အမည်မဖော်လိုသူ စစ်မှုဟောင်းတစ်ဦးကပြောသည်။

တပ်ကြပ်ကြီးအဆင့်နှင့် ပင်စင်ရယူခဲ့သူများကိုတိုက်ခန်းနှင့် မြေကွက်ပေးမည်ဟု ပြောဆိုကာပြန်လည်ခေါ်ယူထားခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ဆရာကြီးတွေကိုတော့ တိုက်ခန်းပေးမယ်ပေါ့။  အခုတော့ မဟုတ်သေးဘူး။  ဒါတွေကမကြာခင်မှာ အမြန်ဆောက်တော့မှာမို့ ရွေးကောက်ပွဲကျင်းပပြီးရင် အကုန်လုံးကို ပေးပါမယ်လို့ခေါ်တာ ကျွန်တော်တော့မယုံပါဘူး။  အခုလည်း  ပြန်မဝင်ရင် ပြဿနာတက်မှာစိုးလို့သာ ဝင်လိုက်တာ။  မိန်းမကတော့ မကြိုက်ဘူး။ တခြားကောင်တွေကတော့ ဘယ်လိုနေလဲမသိဘူး”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီက ပြန်လည်ခေါ်ယူမှုကြောင့် တပ်တွင်းပြန်လည်ရောက်ရှိနေသူ‌ ဦးရေ ၆၀ကျော်ခန့်ရှိပြီး အများစုသည် ငွေကြေးလိုအပ်ချက်နှင့် စစ်ကောင်စီကပေးအပ်မည့်ဆိုသည့် ရပိုင်ခွင့်များကြောင့် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“အများကြီးတော့ သူတို့မရဘူးလေ။  ပြန်ဝင်ရတဲ့ကောင်တွေက အပြင်မှာလည်း မနေတတ် စားဖို့လည်း ခက်နေချိန်ဖြစ်တော့ ပြန်ဝင်တာက ကျွန်တော်သိတာ ၆၀လောက်ရှိမယ်။  ကျွန်တော်တို့လိုအဖိုးကြီးတွေရော၊ အရက်သမားရော ၊လက်ချောင်းမရှိတဲ့ကောင်ရော စုံနေတာပဲ။ အရင်ထဲက ကြောင်တောင်တောင်နဲ့ စုဆောင်းရေးရောက်ပြီး ပြန်ထွက်သွားတဲ့ ကျပ်မပြည့်တဲ့ကောင်တွေလည်း ပါတယ်”ဟု အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်းက ပြောသည်။

စစ်ကောင်စီ၏ တပ်ရင်းများအတွင်း စစ်သားများ၏ ဇနီးမယားများကိုသာမက သားသမီးများကိုပါ စစ်သင်တန်းပေးထားပြီး အရာရှိကတော်များလုံခြုံရေးအတွက် ယခင်ကကဲ့သို့ တပ်သားများကို ချထားနိုင်ခြင်းမရှိတော့သည့်အတွက် သင်တန်းပေးထားသည့် စစ်သားဇနီးမယားများကိုသာ ခိုင်းစေထားကြောင်း တပ်တွင်းရောက်ရှိခဲ့သည့် စစ်မှုထမ်းဟောင်းတချို့ထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly