အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က သတင်းထောက်တဦးကို ဖမ်းဆီးပြီး ရိုက်နှက်

By Al Arabiya
27 December 2021
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က သတင်းထောက်တဦးကို ဖမ်းဆီးပြီး ရိုက်နှက်

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရပြီးနောက် မီဒီယာလုပ်ငန်းဌာနများ၏ အခြေအနေသည် ကောင်းမွန်ခြင်း မရှိတော့ဘဲ မကြာသေးခင်က ကဘူးလ်တိုင်းမ် သတင်းဌာနမှ သတင်းထောက်တစ်ဦးသည် သတင်းစတိုရီတစ်ပုဒ်ကို ရေးသားဖော်ပြရန် လုပ်ဆောင်စဥ် တာလီဘန်တပ်ဖွဲ့များ၏ ဖမ်းဆီးရိုက်နှက်ခြင်းကို ခံခဲ့ရသည်ဟု ထုတ်ဖော်ခဲ့သည်။

အဆိုပါ သတင်းထောက်သည် အာဖဂန်မီဒီယာလုပ်ငန်းများတွင် ကိုးနှစ်ကျော်ကြာ လုပ်ကိုင်ထားခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း ၎င်းသည် ကဘူးလ်အခြေစိုက် မီဒီယာတွင် သတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

"သူတို့က ကျွန်တော့်လက်တွေကို ကြိုးနဲ့တုပ်တယ်၊ ပြီးတော့ နေရာတစ်နေရာကို ခေါ်သွားတယ်၊ အဲဒါ ဘယ်နေရာလဲ ဆိုတာတော့ ကျွန်တော် မသိဘူး၊ ပြီးတော့ 'မင်း ဘယ်မှာ အလုပ်လုပ်နေတာလဲ' ဆိုပြီး ကျွန်တော့်ကို စပြီး စစ်မေးတယ်၊ အဲဒီလို မေးခွန်းတွေ မေးတော့၊ ကျွန်တော်က 'ကျွန်တော် သတင်းထောက်တစ်ယောက်ပါ' လို့ ပြန်ဖြေခဲ့ပါတယ်" ဟု ဆေယက်ဒ် ရာရှက်ဒ် ကာရှီဖီ အမည်ရ သတင်းထောက်က ပြောသည်။

ထို့ပြင် ၎င်း သတင်းရေးသားတင်ဆက်ရာတွင် အသုံးပြုနေခဲ့သည့် ပစ္စည်းကိရိယာများကို တာလီဘန်တပ်ဖွဲ့များက သိမ်းဆည်းခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့ ဖြစ်စဥ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် ရာရှက်ဒ်က တာဝန်ရှိသူများကို တိုက်တွန်းထားသည်။

"ကျွန်တော့် ကိစ္စကို စုံစမ်းစစ်ဆေးဖို့ အစိုးရကို ကျွန်တော် တောင်းဆိုမှု လုပ်နေပါတယ်၊ နောက်ပြီး ဂျာနယ်လစ်တွေရဲ့ လုံခြုံရေးကို ထောက်ပံ့ဖို့အတွက် အစိုးရဘက်က အာရုံစိုက်ဖို့ကိုလည်း ကျွန်တော် တောင်းဆိုနေပါတယ်" ဟု ကာရှီဖီက ပြောသည်။

"သတင်းရေးသားဖော်ပြမှုတွေ လုပ်ကိုင်နေတဲ့ ဂျာနယ်လစ်တစ်ယောက်ကို ရိုက်နှက်တာကတော့ ချိုးဖောက်မှုတစ်ခုဖြစ်ပါတယ်၊ ပြီးတော့ သတင်းအချက်အလက် ရရှိခွင့်အပေါ် ပိတ်ပင်ကန့်သတ်မှုတွေ ချမှတ်တဲ့ လက္ခဏာတစ်ခုပါ၊ ဒီကိစ္စက ဂျာနယ်လစ်များဆိုင်ရာ အမျိုးသားအစည်းအရုံးအတွက် စိုးရိမ်စရာ ကောင်းပါတယ်" ဟု ဂျာနယ်လစ်များဆိုင်ရာ အမျိုးသားအစည်းအရုံး၏ အကြီးအကဲ မက်စ်ရာ လက်တ်ဖီက ပြောသည်။

တချိန်တည်းမှာပင် အာဖဂန်ကြားဖြတ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် ထိုဖြစ်စဥ်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ဂျာနယ်လစ်များအပေါ် နှောင့်ယှက်ဒုက္ခပေးမှုကို တားဆီးကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောခဲ့သည်။

"ကဘူးလ်တိုင်းမ် သတင်းထောက် ဆေယက်ဒ် ရာရှက်ဒ် ကာရှီဖီရဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်၊ အစ္စလမ္မစ် စော်ဘွားနွယ် နိုင်ငံအနေနဲ့ ဂျာနယ်လစ်တွေရဲ့ ဘေးကင်းမှုအတွက် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် အိုဇမ်က ပြောသည်။

ယင်းနိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း "ဂျာနယ်လစ်များအပေါ် အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် ၃၀ ခုထက်မနည်း ဖြစ်ပွားထား" ကြောင်းနှင့် "အခွင့်အရေး ချိုးဖောက်မှုများ၏ ၉၀ ရာခိုင်နှုန်းကို တာလီဘန်တပ်ဖွဲ့များက လုပ်ဆောင်ထားခဲ့ခြင်း" ဖြစ်ကြောင်း ဂျာနယ်လစ်များဆိုင်ရာ အမျိုးသားအစည်းအရုံးက အစောပိုင်းက ထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly