ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် လျှပ်စစ်ဝန်ထမ်းများ ဆန္ဒပြမှုကြောင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်

By NDTV
27 December 2021
ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် လျှပ်စစ်ဝန်ထမ်းများ ဆန္ဒပြမှုကြောင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် လျှပ်ဓာတ်အားပေးဌာန (PDD) က အိန္ဒိယ မဟာဓာတ်အားလိုင်း ကော်ပိုရေးရှင်းနှင့် ပူးပေါင်းမှုအပေါ် ဓာတ်အားပေးဌာန ဝန်ထမ်းများက ဆန္ဒပြမှုကြောင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိသော်လည်း စစ်တပ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လာရောက်ဆောင်ရွက်ပေးသောကြောင့် နေရာအချို့တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိခဲ့သည်။

“ဂျမူးဒေသက ဓာတ်အားပေးလွှတ်မှု ၁၅ ကနေ ၂၀ ရာခိုင်နှုန်းပဲ ထိခိုက်ခဲ့ပါတယ်။ ပြန်လည်ရရှိအောင် လုပ်ဆောင်နေပြီး ကက်ရှ်မီးယားမှာတော့ ဓာတ်အားမပျက်ပါဘူး” ဟု ပြည်ထောင်စု လျှပ်စစ်ဓာတ်အားဝန်ကြီး အာရ်ကေ ဆင်းက ပြောကြားသည်။

အစိုးရနှင့် ဝန်ထမ်းသမဂ္ဂတို့အကြား ညှိနှိုင်းဆွေးနွေးမှုများလည်း လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

လျှပ်စစ်ဝန်ထမ်းများနှင့် အင်ဂျင်နီယာများ၏ နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီက နိုင်ငံအနှံ့ဆန္ဒပြကြရန်တောင်းဆိုထားသလို ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဒုတိယအုပ်ချုပ်ရေးမှူးထံသို့ စာရေးသားပေးပို့ကြရန်လည်း ပြည်နယ် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ သမဂ္ဂများကို တိုက်တွန်းထားသည်။

PDD နှင့် အိန္ဒိယ မဟာဓာတ်အားလိုင်း ကော်ပိုရေးရှင်းတို့အား ပေါင်းစပ်လိုက်ခြင်းသည် ပြည်ထောင်စုနယ်မြေသစ် အတွက် အကျိုးမဖြစ်ထွန်းစေသောကြောင့် ဒေသခံဝန်ထမ်းများနှင့်အတူ ညီညွတ်မှုအား ပြသရန်အချိန်ဖြစ်ကြောင်းလည်း ကော်မတီက တိုက်တွန်းလိုက်သည်။

အိန္ဒိယမြောက်ပိုင်း၌ အအေးလှိုင်းကျရောက်နေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်အထိ အဓိက ဓာတ်အားလိုင်းကို ပြင်ဆင်ပေးရန်လည်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ လျှပ်စစ်ဓာတ်အားကဏ္ဍ ဝန်ထမ်းများက ငြင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်မှစ၍ စတင်ခဲ့သည့် ဆန္ဒပြမှုတွင် ဝန်ထမ်း ၂၀၀၀ ခန့် ပါဝင်ခဲ့ရာတွင် အစိုးရက ၎င်းတို့၏ တောင်းဆိုချက်များကို လက်မခံသရွေ့ ပြင်ဆင်ထိန်းသိမ်းမှုများ မလုပ်ဆောင်ရန် ဆုံးဖြတ်ထားကြသည်။

အဆိုပါ ဆန္ဒပြမှုကြောင့် ခရိုင်အများအပြားတွင် လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပြီး ဂျမူးနှင့် ဆရီနဂါမြို့တို့တွင်လည်း အလားတူကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly