မြန်မာနိုင်ငံတွင်ကျင်းပမည့် ပြိုင်ပွဲအတွက် ငါးလခန့် အပြင်းအထန်လေ့ကျင့်ထားဟု အောင်လအန်ဆိုင်းဆို

မြန်မာနိုင်ငံတွင်ကျင်းပမည့် ပြိုင်ပွဲအတွက် ငါးလခန့် အပြင်းအထန်လေ့ကျင့်ထားဟု အောင်လအန်ဆိုင်းဆို
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် အောင်လအန်ဆိုင်း။ (ဓာတ်ပုံ - ဆန်းမြင့်အောင်)

ဇန်နဝါရီ ၇၊ ရန်ကုန်။         ။ မြန်မာနိုင်ငံတွင် မတ်လ ၁၈ရက်၌ကျင်းပမည့် MMA ပြိုင်ပွဲအတွက် ငါးလခန့် နေ့ရောညပါလေ့ကျင့်ပြင်ဆင်ထား သည် ကချင်လူမျိုးဖိုက်တာ အောင်လအန်ဆိုင်းက မဇ္ဈိမသို့ပြောသည်။

အောင်လအန်ဆိုင်းမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိဖြစ်ပြီး အသက် ၁၈နှစ်အရွယ်မှစတင်ကာ MMA ပြိုင်ပွဲများတွင်ဝင်ရောက်ထိုးသတ်ခဲ့သူဖြစ်သည်။ “အမိမြေမှာထိုးသတ်ခွင့်ရတာကျွန်တော့်အတွက် အိပ်မက်လိုပါပဲ။ ကျွန်တော် ပြိုင်ပွဲတွေနဲ့ဝေးနေတာ တစ်နှစ်ခွဲရှိပါပြီ။ ဒါပေမယ့် နေ့တိုင်းလေ့ကျင့်ထားပါတယ်။ တိုးတက်မှုတွေလဲရှိပါတယ်။ ဒီပြိုင်ပွဲအတွက် တစ်နေ့ကို ငါးနာရီလောက်နေ့တိုင်းလေ့ကျင့်ပြီး ငါးလလောက် ပြင်ဆင်ချိန်ရထားပါတယ်။”ဟု အောင်လအန်ဆိုင်းကပြောသည်။

အသက် ၃၀ အရွယ်ရှိအောင်လအန်ဆိုင်းမှာ MMA ပွဲစဉ် ၁၆ပွဲထိုးသတ်ထားပြီး ၉ပွဲနိုင်၊ ၇ပွဲရှုံးထားသည်။ မတ်လ ၁၈ရက်တွင် ကျင်းပမည့် One Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ရိုးရာလက်ဝှေ့ကစားသမား လေးဦးလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့သမားများကို MMA ဖိုက်တာများဖြစ် လာစေရန်အတွက် လေ့ကျင့်သင်ကြားပေး ရန်လည်း အောင်လအန်ဆိုင်းက စိတ်အားထက်သန်နေသည်။ “ရိုးရာလက်ဝှေ့သမားတွေက ရပ်ပြီးပဲ ထိုးတတ်တာ။

မြေပေါ်ကျရင်ဘာမှမလုပ်တတ်ဘူး။ MMA ဖိုက်တာဖြစ်ဖို့ ဂျုဂျစ်ဆုတို့ နပန်းတို့လည်း တတ်ဖို့လိုတယ်။ ကျွန်တေ်ာဒီမှာသင်တန်းပေးချင်တယ်။ အဆင်မပြေနိုင်လို့ အွန်လိုင်းကနေလေ့ကျင့်မှု ဗီဒီယိုဖိုင်တွေ ပို့ပေးဖို့လည်း စီစဉ်ထားတယ်။”ဟု ၎င်းကဆိုသည်။

One Championship ပြိုင်ပွဲကို မတ်လ ၁၈ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ၊ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး လက်မှတ်ခဈေးနှုန်းများကို သတ်မှတ်ရခြင်းမရှိသေးပေ။ ယင်းပြိုင်ပွဲတွင် အောင်လအန်ဆိုင်းနှင့်ထိုးသတ်မည့်သူမှာ အမေရိကန် နပန်းသမား ဂျိတ်ဘယ်လီဖြစ်သည်ဟု ပြိုင်ပွဲကျင်းပရေးမှကြေငြာထားသော်လည်း ဂျိတ်ဘယ်လီကမူ မြန်မာနိုင်ငံတွင်ကျင်းပမည့် ပွဲအတွက် လာရောက်မည်မဟုတ်ဟု ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags