နီပေါတွင် အမေရိကန်အကူအညီများကို လက်မခံရန် တရုတ်က ဖိအားပေးနေ

နီပေါတွင် အမေရိကန်အကူအညီများကို လက်မခံရန် တရုတ်က ဖိအားပေးနေ

အမေရိကန်နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီမှ ထောက်ပံ့ငွေ ဒေါ်လာတစ်သန်းတန်ဖိုးရှိ သဘောတူညီချက် ကို ထောက်ခံခဲ့သည့်အတွက် နီပေါကွန်မြူနစ်ခေါင်းဆောင်များသည် တရုတ်၏ ဖိအားပေးမှု ခံနေရကာ ပြဿနာကြုံတွေ့နေရသည်။

အာဏာရညွန့်ပေါင်းအစိုးရအတွင်းမှ ကွန်မြူနစ်ပါတီများက ဆန့်ကျင်ဘက်ပြုမည်ကို သိသော်လည်း နီပေါ အစိုးရသည် ထောင်စုနှစ်စိန်ခေါ်မှုကော်ပိုရေးရှင်း (Millennium Challenge Corporation-MCC) သဘောတူညီချက်အား ထောက်ခံသဘောတူခဲ့ကြောင်း khabarhub မီဒီယာ သတင်းတွင် ဖော်ပြခဲ့သည်။

Millennium Challenge Corporation (MCC) သည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာတွင် ကူညီပေးသည့် ဆန်းသစ်ပြီး လွတ်လပ်သော အမေရိကန်နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပါတီအားလုံး အစည်းအဝေး၌ အာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်များ သည် ပါလီမန် တွင် ဝန်ကြီးချုပ် ဒူဘာ၏ ဆက်လက်သဘောတူရေး စိတ်ကူးကို ဆန့်ကျင်ကြသဖြင့် ယင်းရပ်တည် ချက်သည် ထင်ရှားကြောင်း သတင်းက ဆိုသည်။

ကွန်မြူနစ်ပါတီများသည် MCC ကို မည်သည့်နည်းနှင့်မျှ ထောက်ခံခြင်းမပြုရန် တရုတ်က ဖိအားပေးနေ သည်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

အစိုးရကို ဦးဆောင်ရန် ဝန်ကြီးချုပ် ဒူဘာကို ဦးဆောင်ပေးခဲ့သည့် ကွန်မြူနစ်ပါတီခေါင်းဆောင်များက MCC သဘောတူညီချက်၏ အပိုဒ်အချို့သည် နီပေါ၏ အချုပ်အခြာအာဏာကို ထိခိုက်စေမည်ဖြစ်ခြင်းကြောင့် လက်ရှိအခြေအနေတွင် ထောက်ခံမှုမရနိုင်ကြောင်း ယင်းတို့၏ ပုံမှန်ရပ်တည်ချက်များကို ထပ်လောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်တွင် မကြာသေးမီက ကျင်းပခဲ့သော MCC ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးတွင် "ဒါရိုက်တာ ဘုတ်အဖွဲ့သည် မကြာမီကာလအတွင်း နီပေါအစိုးရက လက်မှတ်ရေးထိုးရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြုမှု အသိအမှတ်ပြုထားသည်" ဟု khabarhubက ဖော်ပြခဲ့သည်။

ယခုအခါ ဝန်ကြီးချုပ် ဒူဘာသည် အခက်အခဲကြုံတွေ့နေရပြီး ၎င်း၏ အစိုးရသည် MCC ကို လွှတ်တော် တွင် အတည်ပြုရန် အဆိုတင်ခဲ့မည်ဆိုလျှင် ညွန့်ပေါင်းအဖွဲ့ ပြိုကွဲသွားနိုင်သည့် အလားအလာများ ရှိနေပြီး Rastriya Janamorcha ပါတီ ဥက္ကဌ ဘာဟာဒါအမ်စီက အစိုးရက MCC ကို ရှေ့ဆက်မည်ဆိုပါက ၎င်း၏ ပါတီသည် ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly