မင်းတပ်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို

မင်းတပ်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို
ဓာတ်ပုံ- CDF Mindat

ဒီဇင်ဘာလ ၂၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီး တစ်ဦး အပါဝင် ရှစ်ဦးသေဆုံးကာ သေနတ်နှစ်လက် ရရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Mindat က ထုတ်ပြန်သည်။

“သူတို့ဘက်က စစ်ကြောင်း နှစ်ခုနဲ့ ထိုးစစ်ဆင်လာတာ တိုက်ပွဲ ၁၀ ကြိမ်လောက် ဖြစ်ပါတယ်၊ သူတို့ဘက်က ရှစ်ယောက်ကျပြီး ကျွန်တော်တို့ တပ်ဖွဲ့ဝင် တစ်ဦး တိုင်းပြည်အတွက် အသက်ပေးသွားပါတယ်” ဟု CDF Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန် ကပြောသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ မင်းတပ်မြို့ပေါ် အပါအဝင် ရှစ်မွှေး၊ ဝမ္မသူး၊ လာပန်း၊ အောက်လာပန်း၊ လိုရုံး၊ ခွီးရိန် စသည့် ရွာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ထိုးစစ်ဆင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မင်းတပ်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖြစ်ပွားမည့် အလားအလာများ လျော့နည်းသွားကြောင်း ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ဆောင်းရာသီ အအေးဒဏ်ကြောင့် စားသောက် နေထိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဆလိုင်းယောမန်က ဆက်ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required