စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး လက်နက်နှင့်အတူ KNU ထံ ခိုလှုံ

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး လက်နက်နှင့်အတူ KNU ထံ ခိုလှုံ

ဒီဇင်ဘာလ ၂၇ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၈) လက်အောက် ခံ၊ ခမရ (၄၀၇) တပ်မှ ဒုတပ်ကြပ် မောင်ညွန့် (ကိုယ်ပိုင်နံပါတ် တ/၃၉၂၉၇၈) သည် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)  တပ်မဟာ (၅) ထံ လက်နက်နှင့် အတူ ခိုလှုံခဲ့သည်။ 

၎င်းသည် ဖာပွန်မြို့ အနောက်ဘက် နားကူနား ကျေးရွာရှိ ခမရ (၄၀၇) မှ ထွက်ပြေးလာပြီး KNLA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၀၂) သို့ လက်နက်ချ ခိုလှုံလာခြင်း ဖြစ်ကြောင်း KNLA တပ်မဟာ (၅) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကို ပြောသည်။ 

“တိုင်းပြည်ကို ကာကွယ်ရမယ့် တပ်က တိုင်းပြည်ကို မကာကွယ်ဘဲနဲ့ ၊ပြည်သူကို ကာကွယ်ရမယ့်တပ်က ပြည်သူကို မကာကွယ်ဘဲနဲ့  ပြည်သူတွေကို နှိပ်စက်နေတဲ့ တပ်ဖြစ်နေတဲ့ အပေါ်မှာ သူက အဲဒီတပ်ထဲမှာ သူမနေချင်တော့ဘူး။ အဲဒါကြောင့် သူထွက်ပြေးလာတယ်လို့ ပြောတယ်” ဟု KNLA တပ်မဟာ (၅) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။ 

ထွက်ပြေးလာသော ဒုတပ်ကြပ် မောင်ညွန့်နှင့် အတူ MA 1 သေနတ်တစ်လက်၊ ကျည်အိမ် ငါးခု၊ ကျည်ဆန် ၂၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့် M14 မိုင်းတစ်လုံး ပါရှိပြီး ၎င်းကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း KNLA တပ်မဟာ(၅) က ဆိုသည်။ 

ဖာပွန်မြို့ မြောက်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုက နောက်ထပ် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးလည်း ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် KNLA တပ်မဟာ (၅) ထံ ထွက်ပြေးလာကြောင်း သတင်းရရှိထားသော်လည်းအကြောင်းအရာ အသေးစိတ်ကို မသိရှိရသေးကြောင်း  ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် လက်ရှိအချိန် KNU မူတြော်ခရိုင် ၊ တပ်မဟာ (၅) နယ်မြေတွင် လာရောက် ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးခန့် ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ 

လက်ရှိတွင် KNLA တပ်မဟာ (၅) နယ်မြေ၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ဘူးသိုမြို့နယ် စစ်ကောင်စီအခြေစိုက် ဝါ့လူစခန်းနှင့် ညာ့တခိုကျိုး တပ်စခန်းကို KNLA တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်  ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း KNU မူတြော် သတင်းစဉ်က ထုတ်ပြန်ထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required