အာဏာသိမ်းစစ်တပ်က ပြည်သူ့ဂုဏ်ရည်ဆုရှင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ထောင်ဒဏ် ၃ နှစ်ချ

အာဏာသိမ်းစစ်တပ်က ပြည်သူ့ဂုဏ်ရည်ဆုရှင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ထောင်ဒဏ် ၃ နှစ်ချ

ဒီဇင်ဘာလ ၂၇ ရက်

အာဏာသိမ်းစစ်တပ်က ပြည်သူ့ဂုဏ်ရည်ဆုရှင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း ရှေ့နေ အသိုင်းအဝိုင်း ထံက သိရသည်။

ဆရာမ ဒေါ်သန်းမြင့်အောင်ကို စစ်ကောင်စီက ဆူပူအောင် လှုံ့ဆော်စေမှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားရာမှ ယနေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက အမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဆရာမ ဒေါ်သန်းမြင့်အောင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်း  စည်ပင်သာယာရေး ကော်မတီဝင် (၆) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည့်အပြင် We Love Yangon အဖွဲ့၏ ပဲ့ကိုင်ရှင် တစ်ဦးလည်း ဖြစ်သည်။

သူမသည် ပြည်သူ့ဂုဏ်ရည်ဆုကိုလည်း ၂၀၁၄ ခုနှစ်တွင် ရရှိထားသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီက ဆရာမ ဒေါ်သန်းမြင့်အောင်ကို သူမ၏ နေအိမ်၌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး စစ်ကြောရေးတွင် တစ်လခန့် ချုပ်နှောင် စစ်ဆေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required