စစ်ကောင်စီတပ်က အရပ်သား ဒါဇင်များစွာကို လူအစုအပြုံလိုက် သတ်ဖြတ်ဟု နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ပြော

စစ်ကောင်စီတပ်က အရပ်သား ဒါဇင်များစွာကို လူအစုအပြုံလိုက် သတ်ဖြတ်ဟု နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ပြော

ဒီဇင်ဘာ ၂၇

မြန်မာအာဏာသိမ်းစစ်တပ်သည် ခရစ္စမတ်အကြိုနေ့၌ တိုက်ပွဲများမှ ရှောင်ပြေးကြသော ရွာသူရွာသား အနည်းဆုံး ၃၅ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ခဲ့သည်ဟု နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တစ်ရပ်နှင့် အတိုက်အခံများက ပြောဆိုသည်။ ထို သတ်ဖြတ်ခံရသူများတွင် မိမိတို့၏ ဝန်ထမ်းနှစ်ဦးလည်း ပါသွားဖွယ်ရှိသည်ဟု Save the Children အဖွဲ့က ဆိုသည်။

ကယားပြည်နယ်၌ ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်၏ ဓာတ်ပုံများအရ ထရပ်ကား သုံးစီးနောက်ဖက်အတွင်း မီးလောင်ကျွမ်းထားသော ရုပ်အလောင်းများကို တွေ့ရှိရသည်။ ရုံးပိတ်ရက် အိမ်ပြန်ရာ၌ မိမိတို့ ဝန်ထမ်းနှစ်ဦး အသုံးပြုခဲ့ကားမှာလည်း အခင်းဖြစ်ရာက မီး လောင်ကျွမ်းသည့် ကားများတွင် အပါအဝင် ဖြစ်သည်ဟု Save the Children အဖွဲ့က ပြောသည်။ ထိုဝန်ထမ်းနှစ်ဦးမှာ လက်ရှိအထိ ပျောက်ဆုံးနေဆဲပဲဟု ယင်းအဖွဲ့က ဆိုသည်။

“အပြစ်မဲ့ အရပ်သားတွေနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ဆောင်ပြီး မြန်မာနိုင်ငံတလွှားက လိုအပ်နေတဲ့ ကလေးငယ် သန်းပေါင်းများစွာကို ကူညီထောက်ပံ့နေတဲ့ ကျွန်မတို့ ဝန်ထမ်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာအတွက် ကျွန်မတို့ ထိတ်လန့်တုန်လှုပ်ရပါတယ်”ဟု Save the Children ၏ အမှုဆောင်အရာရှိချုပ် Inger Ashing က စနေနေ့က ထုတ်ပြန်ချက်၌ ပြောသည်။

မြန်မာနိုင်ငံအား ရာစုဝက်နီးပါး အုပ်ချုပ်ခဲ့ကာ လွန်ခဲ့သည့် ဆယ်နှစ်က အရပ်သားခေါင်းဆောင်များကို အာဏာအချို့ ပေးခဲ့သည့် စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းကာ အလုံးစုံ ထိန်းချုပ်ခဲ့သည်။ အချို့က လက်နက်ဆွဲကိုင်ကြသည့် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ရက်ရက်စက်စက် ဖြိုခွင်းမှုများ လုပ်ဆောင်လျက် ရှိနေသည်။ တပ်မတော်ဟု ဆိုသော စစ်တပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် ရှည်ကြာသည့် သမိုင်းလည်း ရှိထားသည်။

ယခု ဖြစ်စဉ်၌ ကားများက အမိန့်အတိုင်း စစ်ဆေးမှု ခံယူရန် ရပ်တန့်ပေးခြင်းမရှိဘဲ အုပ်စုတွင်းမှ ‘အကြမ်းဖက်သမား’ အချို့က စစ်သားများကို ပစ်ခတ်၍ ပြန်လည်ပစ်ခတ်ခြင်းဖြစ်သည်ဟု သောကြာနေ့၌ စစ်အာဏာသိမ်းအုပ်စုက ထုတ်ပြန်သည်။

ကားနှင့် ရုပ်အလောင်းများ မီးလောင်ကျွမ်းနေခြင်းနှင့် ပတ်သက်ပြီး ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိပေ။ စစ်တပ်ပြောခွင့်ရသူတစ်ဦးထံ တနင်္ဂနွေက ထင်မြင်ချက်ပေးရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ‘အမျိုးသမီးနှင့် ကလေးများပါ ပါဝင်သည့် အရပ်သား ၃၅ ဦး သေဆုံးရသည့် ကယားပြည်နယ်က ရက်စက်သည့် တိုက်ခိုက်မှုအတွက် ထိတ်လန့်တုန်လှုပ်ရကြောင်း” တွစ်တာတွင် ရေးသားဖော်ပြသည်။

“မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသူများအား အရေးယူရေးအတွက် မိမိတို့ ဆက်လက်ဖိအားပေးသွားမည်”ဟု အမေရိကန်သံရုံးက ထပ်လောင်းဆိုသည်။

“ယခုဖြစ်ရပ်ကို ချက်ချင်းလက်ငင်း ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများအား အမြန်အဆန် တရားစီရင်ရန်” ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူ Martin Griffiths က ပြောခဲ့သည်။

ယခု သတ်ဖြတ်မှုသည် နိုင်ငံ၏ မြို့တော် နေပြည်တော်မှ အရှေ့တောင်ဖက် မိုင် ၁၅၀ အကွာခန့် ကယားပြည်နယ်အတွင်းက စစ်တပ်ထိန်းချုပ်ရာ ဧရိယာအနီး ဖြစ်ပွားခဲ့ခြင်းပဲ ဖြစ်သည်။

ဖရူးဆိုမြို့နယ် မိုဆို ခရစ္စယာန်ရွာအနီး သောကြာနေ့ နံနက်ပိုင်းက ဖြစ်ပွားသော ယခု သတ်ဖြတ်မှု၌ အနည်းဆုံး ၃၈ ဦး သေဆုံးရသည်ဟု Save the Children အဖွဲ့က ပြောသည်။ အာဏာသိမ်းပြီးနောက် ရွေးကောက်ခံ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသော NUG အစိုးရက ယခု သတ်ဖြတ်မှု၌ သေဆုံးသူဦးရေကို ၃၅ ဦးမှ ၄၀ သို့ ထပ်တိုးထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required