ကာတာက အီရန်နိုင်ငံမှ သံတမန်များ ပြန်လည်ခေါ်ယူ

ကာတာက အီရန်နိုင်ငံမှ သံတမန်များ ပြန်လည်ခေါ်ယူ

ဒိုဟာ၊ ဇန်နဝါရီ ၇ ။           ။ အီရန်နိုင်ငံမှ သံတမန်များကို ကာတာနိုင်ငံက ပြန်လည်ခေါ်ယူသည်။ နိုင်ငံမှ အီရန်သို့ စေလွှတ်ထားသည့် သံအမတ်ကြီးအား ပြန်လည်ခေါ်ယူပြီဖြစ်ကြောင်း ကာတာနိုင်ငံက ဇန်နဝါရီ ၆ ရက်က ပြောသည်။

ဆွန်နီမွတ်စလင်ကြီးစိုးသည့် ဆော်ဒီအာရေဗျတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်အား သေဒဏ်စီရင်လိုက်ခြင်းကြောင့် ရှီးယိုက်ကြီးစိုးရာ အီရန်တွင် ဆန္ဒပြမှုများဖြစ်ပြီး ဆော်ဒီသံရုံးအား ဖျက်ဆီးမှုများဖြစ်ခဲ့သည်အထိ ဖြစ်လာ၍ ဆော်ဒီနှင့် မဟာမိတ်များက အီရန်အား သံတမန်ဆက်ဆံရေးများ ရုပ်သိမ်းလာခြင်းဖြစ်သည်။

အီရန်အား ဆော်ဒီနှင့် ဘာရိန်းနိုင်ငံတို့က သံတမန်အဆက်အသွယ်ဖြတ်တောက်လိုက်ပြီးနောက် ဂျီဘူတီနိုင်ငံကလည်း ဇန်နဝါရီ ၆ ရက်တွင် သံတမန်အဆက်အသွယ်ဖြတ်တောက်လာခဲ့သည်။ ဂျော်ဒန်နိုင်ငံက ဆော်ဒီသံရုံးတိုက်ခိုက်ခံရမှုအတွက် အီရန်သံအမတ်ကြီးအား သမ္မန်ဆင့်ခေါ်ခဲ့သည်။

ကူဝိတ်နိုင်ငံကလည်း အီရန်မှ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူလိုက်ပြီးဖြစ်ကာ ယူအေအီးနိုင်ငံကလည်း သံတမန်ဆက်ဆံရေးကို လျှော့ချပစ်ခဲ့သည်။

ဆော်ဒီအာရေဗျက ရှီယိုက်ဘာသာရေးခေါင်းဆောင် နီမာအယ်နီမာနှင့်အတူ အခြား ၄၆ ဦးကို ဇန်နဝါရီ ၃ ရက်က သေဒဏ်အပြစ်ပေးလိုက်ခြင်းကြောင့် ရှီယိုက်များကြီးစိုးသည့် အီရန်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေါသထွက်နေသော လူအုပ်ကြီးက တီဟီရန်ရှိ ဆော်ဒီသံရုံးကို ကျောက်ခဲများဖြင့် ထုခြင်း၊ မီးရှို့ခြင်းအပြင် မတ်ဟတ်မြို့ရှိ ကောင်စစ်ဝန်ရုံးကိုလည်း ထိုအတူပင် ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly