ဘရာဇီးမှာ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ တိုးလာခဲ့ပြီး လူသောင်းချီ အိုးအိမ်စွန့်ခွာရ

ဘရာဇီးမှာ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ တိုးလာခဲ့ပြီး လူသောင်းချီ အိုးအိမ်စွန့်ခွာရ
Photo - AFP

ဒီဇင်ဘာ ၂၇

ဘရာဇီးနိုင်ငံ ဘာဟီယာပြည်နယ်မှာ နိုဝင်ဘာလနောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ကြုံခဲ့ရပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေဟာ ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်မှာ ၁၈ ဦးအထိ မြင့်တက်ခဲ့ပြီ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ ရေကြီးမှုကြောင့် လူပေါင်း ၃၅,၀၀၀ လောက် အိုးအိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က ပြည်နယ်တောင်ပိုင်း မြစ်တစ်စင်းမှာ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဘရာဇီး မီးသတ်တပ်ဖွဲ့ဝင်တွေက အတည်ပြုပါတယ်။

ရေကြီးမှုတွေအတွင်း လူနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူပေါင်း ၁၉,၅၈၀ ဦး နေရပ်စွန့်ခွာခဲ့ကြရသလို အခြား လူပေါင်း ၁၆,၀၀၁ ဦးဟာလည်း ယာယီ ခိုလှုံရေးစခန်းတွေဆီ မဖြစ်မနေ သွားရောက်ထားခဲ့ကြရတဲ့အတွက်ကြောင့် အိုးအိမ်စွန့်ခွာထားရသူစုစုပေါင်းဟာ ၃၅,၀၀၀ ခန့်အထိ ရှိလာခဲ့တာဖြစ်တယ်လို့ ဘာဟီယာပြည်နယ် အရပ်ဘက် ကာကွယ်ရေး အေဂျင်စီ Sudec က ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေ စတင်ကြုံတွေ့ပြီး ရေကြီးမှုတွေဖြစ်ပြီး နောက်ပိုင်း လူ ၂၈၆ ဦး ထိခိုက်ဒဏ်ရာတွေ ရထားတယ်လို့ Sudec က ထုတ်ပြန်ပါတယ်။

ခန့်မှန်းမှုတွေအရ လူပေါင်း ၄၃၀,၈၀၀ ကျော်လောက်အပေါ် ထိခိုက်သက်ရောက်ထားခဲ့ပြီး အခြေအနေဟာ မကြာသေးတဲ့ ရက်တွေအတွင်း ပိုလို့သာ ဆိုးရွားထားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းအထိ အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ မြူနီစီပယ်မြို့ အရေအတွက်ဟာ ၇၂ ခုအထိ မြင့်တက်ထားခဲ့ပြီး ယင်းတို့အနက် ၅၈ ခုဟာ ရေကြီးမှုကြောင့် အကျပ်အတည်းအောက် ကျရောက်နေတယ်လို့ Sudec က ထုတ်ပြန်ပါတယ်။

"ဒါက အလွန်ကြီးမားတဲ့ ဖြစ်ရပ်ဆိုးတစ်ခုပါပဲ" လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရူအီ ကော်စတာက ဒီဇင်ဘာ ၂၆ ရက်မှာ ရေဘေးသင့် ဧရိယာတွေကို ရဟတ်ယာဉ်နဲ့ လိုက်လံကြည့်ရှုရင်း ပြောဆိုသွားခဲ့ပါတယ်။

"ဘာဟီယာ ပြည်နယ်ရဲ့ အရင် သမိုင်းမှာ ဒါမျိုး ရေကြီးမှုမျိုးကို ကျွန်တော် မကြုံတွေ့ထားခဲ့ပါဘူး၊ ခုရေကြီးမှုမှာ အိမ်တွေ၊ လမ်းတွေ၊ မြို့တွေ အများအပြား ရေအောက်မှာ လုံးလုံးလျားလျား ဖုံးလွှမ်းခံရတာက တကယ့်ကို ကြောက်စရာ ကောင်းပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

ရေကြီးမှုအတွင်း ပိတ်မိနေတဲ့ ဒေသခံ ထောင်ချီကို ကယ်ထုတ်ဖို့ ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်း ဖက်ဒရယ်နဲ့ ပြည်နယ် အရေးပေါ် ကယ်ဆယ်ရေးဌာနတွေ  ပူးပေါင်း ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly