ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ နေအိမ်အကျယ်ချုပ်ကျခံရသည်ဟု သတင်းထွက်ပေါ်

ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ နေအိမ်အကျယ်ချုပ်ကျခံရသည်ဟု သတင်းထွက်ပေါ်
ဓာတ်ပုံ- ဧရာ၀တီ

ဒီဇင်ဘာလ ၂၆ ရက်

စစ်ကောင်စီတပ်၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေမှာ နေအိမ်အကျယ်ချုပ်ချခံထားရသည်ဟု CDM ပြုလုပ်နေသည့် ပြည်သူ့စစ်သားများအစုအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသော ဆောင်းပါးတစ်ပုဒ်တွင် ပါရှိသည်။

" ရန်ကုန် အကြမ်းဖက်ကိစ္စ​တွေနဲ့ ငြိပြီး အဓိက ကားနဲ့တိုက်တဲ့ကိစ္စ​ကြောင့် အခု ​နေအိမ်အကျယ်ချုပ် လို့ကြား​​နေရလို့။ မအလ (မင်းအောင်လှိုင်) အမြဲ အဲ့လိုလုပ်တယ်။ သူ့ရှေ့က ဗိုလ်ချုပ်တစ်ယောက်  KIA  ဗိုလ် လောင်းကုန်းကို လက် နက်ကြီးနဲ့ပစ်တယ်။Black list အသွင်းခံရ​တော့ တိုင်းမှူး မပေးတော့ဘူး။ ဂျောင်ထိုးလိုက်တယ်ဗျာ။သူပဲခိုင်းပြီး နာမည်ထွက်လာရင် အကုန်အ​ရေးယူပစ်ပြီး သူကတရားမျှတပါတယ် လုပ်ပစ်တယ်။" ဟု အဆိုပါဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

ကိုယ်ပိုင်အမှတ်ကြည်း ၂၅၉၈၃၊ စစ်တက္ကသိုလ်အပတ်စဉ် (၃၆) ဆင်း ဗိုလ်ိချုပ်ညွှန့်ဝင်းဆွေမှာ  နေအိမ်အကျယ်ချုပ်ချခံထားရသည်ဆိုသောသတင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။ 

တပ်မတော် ဆေး တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များ ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ညွှန့်ဝင်းဆွေသည် ယမန်နှစ်လယ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ခန့်အပ်ခံခဲ့ရသည်။

စစ်ကောင်စီတပ်အတွင်း တပ်တွင်းအရေးယူမှုများကို ထိပ်တန်းလျို့ဝှက်ချက်အဖြစ်သတ်မှတ်သတင်းအမှောင်ချထားလေ့ရှိပြီး တပ်တွင်း ဖရဲသီးဟုခေါ်ဝေါ်ကြသည့် ပြည်သူ့ဘက်ကိုပူးပေါင်းပါဝင်သူများက သတင်းထုတ်ပေးမှသာ သိကြရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်တစ်ခုတွင် လေတပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ဒီဇင်ဘာ ၈ ရက်နေ့က " ဖရဲသီးအမှု" ဖြင့် အဖမ်းခံခဲ့ရပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မီးသဂြိုလ်လိုက်ပြီဆိုကာ မိသားစုကို အကြောင်းကြားမှုဖြစ်ပွားခဲ့ကြောင်း တပ်တွင်းသတင်းရပ်ကွက်တစ်ခုအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required