ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အချက်ငါးချက် ဦးစားပေးဆွေးနွေးမည်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အချက်ငါးချက် ဦးစားပေးဆွေးနွေးမည်
ဓါတ်ပုံ − MPC

ဇန္နဝါရီ ၇ ။             ။ နေပြည်တော်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အချက်ငါးချက် ဦးစားပေး ဆွေးနွေးမည်ဟု ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ဇန္နဝါရီ ၅ ရက်နှင့် ၆ ရက် နှစ်ရက်တာ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)  အတွင်းရေးမှူး အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေးအရာရှိ ဦးအောင်နိုင်ဦးက ''ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒ စတဲ့အဓိက အချက်ငါးချက်ကို ဆွေးနွေးဖို့ နှစ်ရက်တာ UPDJC ဆွေးနွေးပွဲ က အတည်ပြုနိုင်ခဲ့ပါတယ်။'' ဟု မဇ္ဈိမသို့ ပြောကြားသည်။

ဖယ်ဒရယ်စနစ်အတွက် အခြေခံသင့်သည့်မူများနှင့် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံဆိုင်ရာများ၊ လူမှုရေးတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများ၊ စီးပွားရေးတွင် အခွန်ကောက် ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း၊ လုံခြုံရေးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အခြေခံသင့်သည့်မူများ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွင် သဘာဝသယံ ဇာတဆိုင်ရာ စီမံခန့် ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စများ အသေးစိတ်ဆွေးနွေးကြမည်ဟုဆိုသည်။

ဇန္နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ (၈) ဖွဲ့နှင့် ဦးသိန်းစိန်အစိုးရတို့က နိုင်ငံရေးဆွေးနွေးမှုကို ၅ ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများကို နေပြည်တော်ရှိ၊ အားကစားရွာအဖြစ်တည်ဆောက်ထားသော အဆောက် အဦးများတွင်ကျင်းပရန်လည်း ရည်ရွယ်ထားသည်ဟု UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးသုေ၀ ထံမှသိရသည်။

ဇန္နဝါရီလ ၅ ရက်နှင့် ၆ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးအတွက် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ကျင်းပခဲ့ရာ အစည်းအဝေးပွဲတွင်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပမည့်ပုံစံ၊ ညီလာခံတွင်ဆွေးနွေးမည့်အကြောင်းအရာများ၊ ဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များနှင့် ညီလာခံဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းလမ်းညွန်များလည်းကို ဆွေးနွေး ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags