ကရင်နီပြည်နယ်တွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုတွင် Save the Children ဝန်ထမ်း ၂ ဦးပါ ပျောက်ဆုံးနေ 

ကရင်နီပြည်နယ်တွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုတွင် Save the Children ဝန်ထမ်း ၂ ဦးပါ ပျောက်ဆုံးနေ 

ဒီဇင်ဘာလ ၂၅ ရက်

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် Save the Children ၏ ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေပြီး ၎င်းတို့စီးနင်းခဲ့သော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံရကြောင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများလုပ်ကိုင်နေသောအဖွဲ့ကြီးက ထုတ်ပြန်လိုက်သည် 

" ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ကျေးရွာတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး အားလပ်ရက်အတွက် နေအိမ်သို့ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး  ပျောက်ဆုံးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းစီးနင်းသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့သည်။" ဟု ယနေ့ (ဒီဇင်ဘာ ၂၅ ရက်နေ့)ည ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ် မူဆိုကျေးရွာအနီး အမျိုးသမီးများ၊ ကလေးများအပါအဝင် ဒေသခံကျေးရွာသား ၃၅ ဦးကို စစ်ကောင်စီတပ်က ကားပေါ်ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့အပြင် ညှိနှိုင်းပေးရန်သွားရောက်ခဲ့သော နယ်ခြားစောင့်တပ်ရဲဘော်လေးဦးကိုလည်း လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကိုပစ်သတ်ခဲ့သည်ဟု နယ်ခြားစောင့်တပ်ဖြစ်သော ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ကထုတ်ပြန်သည်။

Save the Children ၏ အမှုဆောင်ချုပ် (Chief Executive)  ဖြစ်သည့် Inger Ashing က  “နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ ” ဟု ထုတ်ပြန်ချက်တွင် ထဲ့သွင်းပြောထားသည်။ 

ထို့အပြင် ပျောက်ဆုံးနေသောဝန်ထမ်းနှစ်ဦး၏အသက်အန္တရာယ်ကိုစိုးရိမ်လျက်ရှိကြောင်းနှင့် ယခုအဖြစ်အပျက်ကြောင့် အဖွဲ့ကြီးကလုပ်ဆောင်နေခဲ့သော ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားကြောင်းလည်းပါရှိသည်။  

Save the Children သည် မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းတွင် လုပ်ကိုင်လျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required