ဖားကန့်မှာ တိုက်ပွဲများဖြစ်ပွား

ဖားကန့်မှာ တိုက်ပွဲများဖြစ်ပွား

ဒီဇင်ဘာလ ၂၅ ရက်

ဖားကန့်လုံးခင်းရတနာမြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများကို နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရန်လည်း သတိပေးမှုများရှိနေသည်။ 

ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုအနီးတွင် ယမန်နေ့ (ဒီဇင်ဘာလ - ၂၄ ရက်နေ့)နေ့လည်ကနေ တိုက်ပွဲများစတင်ခဲ့ပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ တိုက်ပွဲတွေက ပြင်းထန်လာခဲ့တာဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ကတည်းက မော်ကလုံနှင့် ရွာဟောင်းအနီးမှာ စတင်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်းအချိန်မှာတော့ ဆိုင်းတောင် မှော်ရှန်ကျေးရွာအနီးမှာ ဆက်လက်ဖြစ်ပွားသည်။

“ အသံက အကျယ်ကြီးကြားရသလို မြေကြီးတောင်တုန်တယ်။ ကျမတို့ဆို အိမ်အပေါ်မှာတောင်မနေရဲလို့ အိမ်အောက်မှာ ဝပ်နေကြရတယ်” ဟု ဆိုင်းတောင်မှဒေသခံတစ်ဦးက ပြောသည်။

“ရပ်ကွက်လူကြီးတွေလာပြောသွားတာဟုတ်တယ်။ ၁၂ နောက်ပိုင်း ဘယ်မှမထွက်တော့ဘဲ အိမ်မှာပဲ မိသားစုနဲ့နေဖို့ကို လာသတိပေးသွားတယ်။ မာရှယ်လောလားဆိုတော့လည်း အဲလိုတော့မဟုတ်ဘူးလို့တော့ ပြောတာပဲ။ ” ဟု သူက ထပ်ပြောသည်။  

ဖားကန့်ဒေသဘက်တွင် စစ်ကောင်စီ၏  တပ်မ (၃၃)နှင့်ခလရ (၁၂၀) တို့က စစ်ရေးအရကူညီပေးနိုင်ဖို့အတွက် လှုပ်ရှားလာသည့်အတွက် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာအနီးက စစ်ကောင်စီ၏ ဗျုဟာကုန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ (၉) လက်အောက် တပ်ရင်း(၆) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည့်အတွက် အခုလိုတိုက်ပွဲတွေ ပြင်းထန်လာရတာဖြစ်တယ်လို့ ကေအိုင်အိုသတင်းပြန်ကြားရေးအဖွဲ့က ပြောသည်။

ဖားကန့်ဒေသမှာ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများကလည်း သုံးသပ်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required