စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှုများကို အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ဗြိတိန်သံအမတ်ပြော

By ဂျာမုန်း
25 December 2021
စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှုများကို အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ဗြိတိန်သံအမတ်ပြော

ဒီဇင်ဘာ ၂၅

အာဏာသိမ်းစစ်တပ်၏ ကျူးလွန်မှုများအတွက် အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ထုတ်ပြန်ကာ မြန်မာပြည်သူများကို ခရစ္စမတ်ဆုတောင်းစကား ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံက ပြည်သူများစွာဟာ အခုခရစ္စမတ်ကာလမှာ ပျော်‌ပျော်ရွှင်ရွှင် ဆင်နွှဲရမယ့်အစား စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်‌တွေဖြစ်တဲ့ သေကျေပျက်ဆီး ဆုံးရှုံးမှုများနဲ့သာ ရင်ဆိုင်နေကြရပါတယ်။" ဟု ဗြိတိသျှသံအမတ် Pete Vowles က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ခြင်း၊ ဘာသာရေး အဆောက်အအုံများအား ဖျက်ဆီးခြင်း၊ လုယက် ရမ်းကားခြင်း၊ အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိရာ ထိုသို့သော အပြုအမူများမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများအား အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရေးသားထားသည်။

“ဘာသာရေး အဆောက်အအုံတို့ကို မီးရှို့ဖျက်ဆီးခြင်းနဲ့ အသင်းတော် ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထားခြင်းကဲ့သို့သော လတ်တလော အကြမ်းဖက်မှုတွေဟာ ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်။ ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှု‌တွေ ရင်ဆိုင်နေရတဲ့ ပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရကဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး၊ ကျူးလွန်မှု‌တွေအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဗြိတိသျှသံရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတစ်၀န်းလုံးရှိ အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် တောင်းဆိုကြောင်းလည်း ဗြိတိသျှသံရုံးက ယမန်နေ့ ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ မွန်းလွဲပိုင်း၌ပင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင်၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ကာ မီးရှို့ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required