မူဝါဒချမှတ်မှု လုပ်ငန်းစဥ်တွင် အားလုံးပါဝင်ခွင့်ရရေး ပါကစ္စတန် လူနည်းစုများ ကြိုးပမ်း

By Indiablooms
25 December 2021
မူဝါဒချမှတ်မှု လုပ်ငန်းစဥ်တွင် အားလုံးပါဝင်ခွင့်ရရေး ပါကစ္စတန် လူနည်းစုများ ကြိုးပမ်း

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု အဖွဲ့အုပ်စုများ၏ အခွင့်အရေးများဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ပါဝင်ဆွေးနွေးပြောဆိုသူများက နိုင်ငံ၌ ဥပဒေပြုမှုနှင့် မူဝါဒချမှတ်မှု လုပ်ငန်းစဥ်တို့တွင် မွတ်ဆလင် မဟုတ်သော သူများ ပါဝင်ခွင့်ရရေးအတွက် လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့ကြသည်ဟု မီဒီယာသတင်းများတွင် ဖော်ပြသည်။

ထို အစည်းအဝေးကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NCHR) ၏ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ဆိုင်ရာ ရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် စီစဥ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် မတူညီသော အဖွဲ့အုပ်စုများမှ ကိုယ်စားလှယ်များက လူနည်းစုများ၏ အခွင့်အရေးများ၊ မတူညီသည့် ဘာသာများအကြား သဟဇာတဖြစ်ရန် အရေးပါမှုတို့နှင့်ပတ်သက်ပြီး ၎င်းတို့၏ အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ယင်းနှင့်စပ်လျဥ်းပြီး ဥပဒေပြဋ္ဌာန်းမှု လိုအပ်ကြောင်း ၎င်းတို့က အလေးပေး ပြောခဲ့သည်ဟု Dawn သတင်းဌာနက ဖော်ပြသည်။

NCHR အဖွဲ့ဝင် တာရစ်ခ် ဂျဗစ်ဒ် ၊ ယင်း၏ လူနည်းစုအဖွဲ့ဝင် မန်ဇူအာ မာဆီဟ်၊ အားလုံးသော ပါကစ္စတန် ဟိန္ဒူအခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ဟရွန်း ဆာရက်ဘ်ဒီယယ်၊ ပက်ရှာဝါ၏ အကြီးအကဲ ခါတိဘ် မော်လာနာ တေယက်ဘ် ကျူရီရှီ၊ ပါကစ္စတန် ခရစ်ယာန်အသင်းတော်

ဘုရားကျောင်းမှ ဘုန်းတော်ကြီး ဟမ်ဖရီ ဆာဖာရက်ဇ် ပီတာ၊ ပြည်နယ်လွှတ်တော်အမတ် ဝီလ်ဆန် ဝါဇီအာ နှင့် NCHR ဥက္ကဋ္ဌ ရာဘီယာ ဂျာဗာရီယာ တို့က အခမ်းအနားတွင် အဓိက ဆွေးနွေးပြောဆိုသူများ ဖြစ်ကြသည်။

ထို့ပြင် ဘာသာရေး အစွန်းရောက်မှု ပုံစံအားလုံးကို ၎င်းတို့က ပြစ်တင်ရှုတ်ချခဲ့သလို အယူသန်မှုကို ထိန်းချုပ်ရန် လက်တွေ့ကျပြီး ချက်ချင်းဖြစ်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းတို့က ပြောခဲ့သည်ဟု Dawn သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် ဘာသာရေးစော်ကားသည်ဟု စွပ်စွဲပြီး ယခုလအစောပိုင်းက ဆီယယ်ကော့တ်ခရိုင်တွင် သီရိလင်္ကာနိုင်ငံသားတစ်ဦးကို လူအုပ်စုက ဝိုင်းဝန်းသတ်ဖြတ်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီးလည်း ရည်ညွှန်းပြောဆိုခဲ့ကြသည်။

လူနည်းစုအဖွဲ့များ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ထိရောက်သော လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အကြံပြုချက်များ ပေးရင်း မူဝါဒချမှတ်မှု အဖွဲ့များတွင် မွတ်ဆလင် မဟုတ်သော ကိုယ်စားလှယ်များ ထည့်သွင်းပါဝင်စေရေးအတွက် အစည်းအဝေးတွင် ဆွေးနွေးသူများက တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly