ကမ္ဘာ့အကြီးဆုံး မဟာဓာတ်အားလိုင်းအား တိုက်ခိုက်မှုများမှ ကာကွယ်ရန် တရုတ်နိုင်ငံက ကွမ်တမ်ဂြိုဟ်တုကို အသုံးပြု

ကမ္ဘာ့အကြီးဆုံး မဟာဓာတ်အားလိုင်းအား တိုက်ခိုက်မှုများမှ ကာကွယ်ရန် တရုတ်နိုင်ငံက ကွမ်တမ်ဂြိုဟ်တုကို အသုံးပြု

တရုတ်နိုင်ငံသည် ၎င်း၏လျှပ်စစ်ဓာတ်အားလိုင်းအား တိုက်ခိုက်မှုများမှကာကွယ်ရန် အာကာသအတွင်း ကွမ်တမ်ဆက်သွယ်ရေးကွန်ရက်ကို ဖန်တီးခဲ့ကြောင်း အဆိုပါ စီမံကိန်းပါဝင်သော သိပ္ပံပညာရှင်များထံမှ သိရသည်။

ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းသည် ထိုင်ဝမ်နှင့်အနီးဆုံး အရှေ့တောင်ပိုင်းဖူဂျီယန်ပြည်နယ်၏ မဟာဓာတ်အားလိုင်းနှင့် ပေကျင်းရှိ နိုင်ငံတော်အရေးပေါ်ကွပ်ကဲမှုဗဟိုဌာနကို ချိတ်ဆက်ထားသည်။

ပေကျင်းနှင့် ဖူဂျီယန်သည် ကီလိုမီတာ ၂ ၀၀၀ (၁ ၂၄၃ မိုင်) ကွာဝေးသည်။ နိုင်ငံတော်ဓာတ်အားလိုင်း၏ သတင်းအချက်အလက်အခြေခံအဆောက်အအုံကို တည်ဆောက်သည့် State Grid Information and Communication Branch အတွက် အလုပ်လုပ်သော သုတေသီများအဆိုအရ ကွမ်တမ်ဆက်သွယ်ရေးအတွက် ထိုမျှရှည်လျားသော ကေဘယ်ကြိုးကို တည်ဆောက်ခြင်းသည် ကုန်ကျစရိတ်ကြီးမားနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် သိပ္ပံနည်းကျ စမ်းသပ်မှုများအတွက် ၂၀၁၆ ခုနှစ်ကမှ ကွမ်တမ်ဂြိုဟ်တု Mozi ကို လွှတ်တင်ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ဂြိုဟ်တုကို အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအသုံးချမှု အရေအတွက်တိုးလာကြောင်း တွေ့ရှိခဲ့သည်။

စွမ်းအင်ကဏ္ဍတွင် ကွမ်တမ်ဆက်သွယ်ရေးနည်းပညာကို အသုံးချခြင်းသည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကြောင့် အလျင်စလိုဖြစ်ပေါ်လာရသည်ဟု သိပ္ပံပညာရှင် ကျောင်ဇီယန်နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များက ပြီးခဲ့သည့်လက ထုတ်ဝေသည့် လျှပ်စစ်စွမ်းအင်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဂျာနယ်တွင် ပြောကြားခဲ့သည်။

ဟက်ကာတစ်ဦးသည် စွမ်းအင်ဆက်သွယ်ရေးကွန်ရက်ကို ထိုးဖောက်ပြီး အမိန့်ပေးချက်များကို ဖော်ထုတ်ပါက ၎င်းတို့သည် ကြီးမားသော လျှပ်စစ်ဓာတ်အားပြတ်တောက်မှု သို့မဟုတ် အခြားပျက်စီးမှုများကို ဖြစ်စေနိုင်ကြောင်း ကျောင်ဇီယန်၏ အဖွဲ့မှ ပြောကြားခဲ့သည်။

ကွမ်တမ်ဂြိုလ်တုသည် အဆိုပါပြဿနာအတွက် အထူးသဖြင့် ဝေးလံသောအကွာအဝေး သို့မဟုတ် ဖိုင်ဘာမရှိသော နေရာများရှိ ဆက်သွယ်ရေးအတွက် ထိရောက်သောဖြေရှင်းချက်အဖြစ် သက်သေပြခဲ့သည်။

သီအိုရီအရ ယင်းဂြိုဟ်တု သည် အစိုးရအား နိုင်ငံတစ်ဝှမ်းရှိ လျှပ်စစ်ဓာတ်အားပေးဝေရေးစက်ရုံများကို ယုံကြည်မှုမြင့်မားစွာနှင့် ကုန်ကျစရိတ်သက်သာစွာ ထိန်းချုပ်နိုင်စေမည်ဟု သုတေသီများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly