အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်ယာဉ်တန်းမိုင်းဆွဲခံရသည့် ပုံအမှား

အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်ယာဉ်တန်းမိုင်းဆွဲခံရသည့် ပုံအမှား

ဒီဇင်ဘာလ ၂၄ ရက်

မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ မိုင်းဆွဲခြင်းခံရသည်ဆိုပြီး ၂၀၁၃ ကထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဓာတ်ပုံဟောင်းတစ်ပုံကို အသုံးပြုပြီး သတင်းမှား ဖြန့်ဝေမှု ရှိနေသည်ကို တွေ့ရသည်။

May Ju ဆိုသည့် ဖေ့ဘုတ်စ်အသုံးပြုသူ တစ်ဦးမှ အဆိုပါပိုစ့်ကို မျှဝေခဲ့သည်ကိုတွေ့ရပြီး အခြားသူတစ်ဦးရဲ့ ပိုစ့်ကို ကူးယူထားကြောင်းလည်း credit ပေးဖော်ပြထားသည်ကို တွေ့ရသည်။

“အာရှလမ်းမိုငိးဆွဲတာ၊ BGFနဲ့စစ်တပ်တွေကယ်ကြပါအုံး။ ပေစိနဲ့သားများသံတိုသံစရောင်းဝယ်ရေးအားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို အထူးကျေးဇူးတင်ရှိပါကြောင်းပုံ သူများဆီက မလာတာ”ဟု အဆိုပါပိုစ့်တွင်ရေးသားထားပြီး အဲ့ဒီပိုစ့်ကို လူပေါင်း ၂၀၀ကျော်မှ လိုက်ခ်ပြုလုပ်ထားပြီး ပြန်လည်မျှဝေသူ ၄၀ကျော်ရှိသည်။

မဇ္ဈိမအနေဖြင့်အဆိုပါ မှတ်တမ်းဓာတ်ပုံကို စစ်ဆေးကြည့်ရာတွင် ၂၀၁၃ ခုနစ် ဇွန်လ ၁၉ ရက်က ထိုင်းပြည်တွင်း မီဒီယာတစ်ခုဖြစ်သည့် Isranews Agency မှ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့်ဗုံးခွဲတိုက်ခိုက်ခံရမှုတစ်ခုအားဖော်ပြခဲ့သည့် မှတ်တမ်းဓာတ်ပုံဖြစ်သည်ကို သိရှိရသည်။ အဆိုပါသတင်းတွင် “Krong Pinang ခရောင်ပီနိုင်း ခရိုင်အတွင်း တာဝန်လဲပြီး ပြန်လာသည့်စစ်သည်များအား လူတစ်စုမှ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သည် ရှစ်ဦးသေဆုံးပြီးနှစ် ဦးဒဏ်ရာရရှိခဲ့သည်ဟု” ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တုန်းက မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်ကား ငါးစီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် Karen Information Center – KIC ၏သတင်းတွင် တွေ့ရှိရသည်။ အဆိုပါသတင်းတွင် "မြဝတီဘက်သို့ အင်အားဖြည့်ရန်တက်လာသည့် စစ်ကောင်စီကား ငါးစီးခန့်အား KNLA အဖွဲ့မှ အာရှလမ်း တောနော် ရေတံခွန်အနီးနှင့် မွေးမြူရေးဇုန်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်"ဟု ဖော်ပြပါရှိသည်။

မြဝတီမြို့အနီးနေထိုင်သူ တစ်ဦးမှ ယခုပြန့်နှံ့နေသည့်သတင်းမှားနှင့်ပတ်သက်လို့ "မကြားမိဖူး၊နေရာက မဖြစ်နိုင်ဖူး”ဆိုပြီး မှတ်ချက်ပေးဖြေကြားထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required