ချင်းကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် အရက်သေစာ ရောင်းချမှု တားမြစ်မိန့် ထုတ်ပြန်

ချင်းကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် အရက်သေစာ ရောင်းချမှု တားမြစ်မိန့် ထုတ်ပြန်

ဒီဇင်ဘာလ ၂၄ ရက်

ချင်းပြည်နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်) CDF-DAI လှုပ်ရှားသည့်နယ်မြေ အတွင်း မူးယစ်ဆေးဝါး၊ အရက်သေစာနှင့် ဒေသထွက် ခေါင်ရည်များအား သယ်ယူ လွှဲပြောင်း ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း ယင်းအဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် စစ်အာဏာရှင်အား တော်လှန်နေသော ကာလအတွင်း ယခုကဲ့သို့ ပိတ်ပင်တားမြစ်လိုက်ကြောင်း ဖော်ပြသည်။  

မူးယစ်ဆေးဝါးနှင့် အရက်သေစာ အပါအဝင် ဒေသထွက် ခေါင်ရည်များအား လွှဲပြောင်း သယ်ယူပို့ဆောင်ခြင်း ရောင်းချခြင်းများ တွေ့ရှိပါက ရောင်းဝယ်သူ နှစ်ဖက်စလုံး ဒဏ်ငွေကျပ် ၅၀၀၀၀၀ (ငါးသိန်း) ပေးဆောင်ရမည့် အပြင် ပစ္စည်းများအား ဖျက်ဆီးမည် ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် CDF (DAI) လှုပ်ရှား နယ်မြေအတွင်း ယင်းကဲ့သို့ ရောင်းဝယ် ဖောက်ကားစေရန် တိုက်တွန်း နှိုးဆော်သူအားလည်း ထိရောက်စွာ အပြစ်ပေးမည် ဖြစ်ကြောင်း၊ ပုံမှန်စစ်ဆေးခြင်း ရှောင်တခင် စစ်ဆေးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒိုင်လူမျိုးများသည် ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်များ ဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝ ဒေသများတွင် နေထိုင်ကြသော လူမျိုးစု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required