သထုံမြို့နယ် ဝီယော်စစ်စခန်းကို KNU နှင့် သထုံပြောက်ကျားအဖွဲ့ ပူးပေါင်းတိုက်ခိုက်

သထုံမြို့နယ် ဝီယော်စစ်စခန်းကို KNU နှင့် သထုံပြောက်ကျားအဖွဲ့ ပူးပေါင်းတိုက်ခိုက်

ဒီဇင်ဘာ ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်လေးကေ လမ်းပေါ်ရှိ တပ်မ (၄၄) လက်အောက်ခံ ဝီယော် စစ်စခန်းကို ဒီဇင်ဘာလ ၂၃ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံ ပြည်သူ့ပြောက်ကျား အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ကျွန်တော် တို့ ၄၀ မမ နဲ့ ကိုးချက်လောက် ပစ်လိုက်တယ်။ သူတို့အခန်းထဲကို ကျတယ်။ သုံးလုံးလောက် ကတော့ မကွဲဘူး။ ထိခိုက်မှုတော့ ရှိနိုင်တယ်။ သူတို့ ဘက်ကလည်း ၄၀ မမ ရယ်၊ ၁၂၀ မမ ရယ်နဲ့ ပြန်ပစ်တယ်။ ည ခုနှစ်နာရီ ကျော်တဲ့ အထိကို ပစ်တာ၊ အချက် ၂၀ လောက် ရှိမယ်"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့် အချက်၂၀ခန့် ပြန်လည် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး တစ်ချက်သည် ထုံးဘိုလေး ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့သော်လည်း လူထိခိုက်မှုမရှိဟု ဆိုသည်။

ယင်းလုပ်ဆောင်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် သထုံပြည်သူ့ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်၊ သထုံမြို့ သိမ်ဆိပ်လေးကေ လမ်း၌ တပ်စွဲထားသော စစ်ကောင်စီ၏ မာယောဝီ စခန်းကိုလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အဆိုပါ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ သေဆုံး ဒဏ်ရာ ရမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly