စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ၇ လုံးထက်မနည်း ထိုင်းနိုင်ငံဘက် ကျရောက်ခဲ့ ဟုဆို

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ၇ လုံးထက်မနည်း ထိုင်းနိုင်ငံဘက် ကျရောက်ခဲ့ ဟုဆို
ဓာတ်ပုံ-ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာနေကြသည့် စစ်ဘေးရှောင်တချို့ကိုမြင်တွေ့ရစဉ်။

ဒီဇင်ဘာ ၂၄

အာဏာသိမ်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆံ ခုနှစ်လုံးထက်မနည်း ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းဘက်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံတချို့နှင့် KNU သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

“ဘန်းလိုက်ဆိုတဲ့ရွာနဲ့ လှမ်းတဲ့ တောင်ယာထဲမှာ ကျတယ်၊ မဲဆောက်မြို့နယ်ထဲမှာ။ မယ်ထော်သလေးနဲ့ဆို မျက်စောင်းထိုးလောက်လို့ ပြောလို့ရမယ်။ ခုနှစ်လုံးလောက်ရှိပြီ။ အဲ့အနီးတစ်ဝိုက်မှာဘဲ ကျတာ” ဟု KNU သတင်းရင်းမြစ်က ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့၍ ထိုင်းနိုင်ငံဘက်မှ မီးခိုးဗုံးဖြင့် ပြန်လည်သတိပေး ပစ်ခတ်ခဲ့သော်လည်း ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင်မူ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးဟု ၎င်းကဆိုသည်။

ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လေးကေကော်နှင့် မယ်ထော်တလေး ဒေသသို့ စစ်ကောင်စီ တပ်သုံး လေယာဉ်တစ်စီး လာရောက် ကင်းထောက်ခဲ့ပြီး ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ စတင်ကြားရကြောင်း မဲဆောက်ဘက်ကမ်းရှိ ဒေသခံတစ်ဦးက ပြောသည်။

“မြန်မာစစ်ဘေးရှောင်တွေ ထိုင်းဘက်ကူးလာတာ ၁၀၀၀ ကျော်လောက်ရှိပြီ။ ဒီနေ့တစ်နေ့စာ အတွက်နော်” ဟု ၎င်းကဆိုသည်။

မြန်မာဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ခြမ်း မဲဆောက်နယ်စပ်သို့ ငါးလုံး ထက်မနည်း ကျရောက်ခဲ့သည့်အတွက် ဒေသခံများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာ ကဖော်ပြသည်။

ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း အပါအဝင် အရပ်သား ပြည်သူများ အပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အပါအဝင် ဥရောပ သမဂ္ဂက ယနေ့ ထုတ်ပြန်သည်။

လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ကာ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ၁၀ ရက်နီးပါး ကြာမြင့်လာပြီဖြစ်ကာ ဒေသခံ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required