ဘင်္ဂလားဒေ့ရှ်မှာ ကူးတို့သင်္ဘော မီးလောင်မှုကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်မှာ ကူးတို့သင်္ဘော မီးလောင်မှုကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံး

 ဒီဇင်ဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယနေ့မနက်အစောပိုင်းက လူအပြည့်အသိပ် လိုက်ပါလာခဲ့တဲ့ ကူးတို့သင်္ဘောတစင်း မီးလောင်မှု ဖြစ်ခဲ့လို့ လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ယင်းဖြစ်စဉ်မှာ ခရီးသည်တွေဟာ မီးလောင်မှုကနေ လွတ်အောင် ကြောက်အားလန့်အားနဲ့ ရေထဲကို ခုန်ချမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ ယခုနောက်ထပ် ပေါ်ပေါက်ခဲ့တဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့ပြီး ယင်းဖြစ်စဉ်ကတော့ မြို့တော် ဒါကာရဲ့ တောင်ဘက် ကီလိုမီတာ ၂၅၀ (မိုင် ၁၆၀) ခန့်အကွာ ဂျဟယ်လိုကက်သီခရိုင်အနီး မြစ်တစ်စင်းမှာ မနက်အစောပိုင်းအချိန်တွေအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

"အလောင်း ၃၇ လောင်းကို ကျွန်တော်တို့ ရှာတွေ့ထားတယ်၊ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်သေးတယ်၊ အများစုကတော့ မီးလောင်မှုကြောင့် သေဆုံးတာပါ၊ ဖြစ်ဖြစ်ချင်း လူအများအပြားက မြစ်ထဲ ခုန်ကျခဲ့ကြသလို တချို့က ရေနစ်သေဆုံးခဲ့ပါတယ်" လို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲ မွိုင်နူလ် အစ္စလမ်က အေအက်ဖ်ပီကို ပြောပါတယ်။
မီးဟာ အင်ဂျင်ခန်းကနေ စတင် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ယုံကြည်ရပြီး ယင်းနောက် သင်္ဘောတစ်စင်းလုံးကို ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ အစ္စလမ်က ပြောပါတယ်။

ယင်း ကူးတို့သင်္ဘောဟာ တရားဝင် တင်ဆောင်နိုင်တဲ့ ခရီးသည်ဦးရေက လူပေါင်း ၃၁၀ သာ ဖြစ်ပေမယ့် ယင်းအချိန်မှာ လူပေါင်း ၅၀၀ ထက်မနည်းကို တင်ဆောင်ခဲ့တယ်လို့ သိရပြီး အများအပြားကတော့ မြို့တော်ကနေ ၎င်းတို့ရဲ့ နေအိမ်တွေကို ပြန်လာခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

"မီးလောင်ဒဏ်ရာတွေ ရခဲ့တဲ့ လူ ၁၀၀ လောက်ကို ဘာရီဆယ်မှာ ရှိတဲ့ ဆေးရုံတွေဆီ ကျွန်တော်တို့ ပို့ဆောင်ပေးထားပါတယ်" လို့ ၎င်းက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေအဆိုအရ ကူးတို့သင်္ဘောပေါ်မှာ မီးဟာ မနက် ၃ နာရီလောက်မှာ စလောင်ခဲ့ပြီး အချိန်တိုအတွင်း ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း လူအပြည့်အကျပ် တင်လာတဲ့ သင်္ဘောဟာ ကြာသပတေးနေ့ ည ၉ နာရီလောက်က ဒါကာမြို့ ဆာဒါဂက် မြစ်ဆိပ်ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး လမ်းခရီးမှာ အင်ဂျင်ခန်းထဲကနေ မီးစလောင်တာကို တွေ့ခဲ့ရတယ်လို့လည်း အခြားအသက်ရှင်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ကူးတို့သင်္ဘော မီးလောင်မှုဖြစ်ပြီးနောက် တစ်နာရီအတွင်းမှာပဲ ကယ်ဆယ်ရေးသမားတွေ ယင်းနေရာကို ရောက်သွားပြီး ဒဏ်ရာရသူတွေကို အနီးအနား ဆေးရုံတွေကို ပို့ပေးခဲ့တယ်လို့ ဒေသ အုပ်ချုပ်ရေးမှူး ဂျိုဟာ အလီက ပြောပါတယ်။

"ကျွန်တော်တို့ ခရီးသည်တွေကို မေးကြည့်တော့ သင်္ဘောပေါ်မှာ ခရီးသည် ၅၀၀ ကနေ ၇၀၀ အကြား ပါလာတယ်လို့ ပြောကြပါတယ်" လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

"မီးက လေး ငါးနာရီလောက် လောင်ကျွမ်းပြီးမှ ငြိမ်းသွားတာပါ၊ ကူးတို့သင်္ဘောတစင်းလုံး မီးလောင်ကျွမ်းသွားပါတယ်၊ ဒါပေမယ့် အဲဒီ မီးလောင်ခဲ့တဲ့ သင်္ဘောကို မြစ်ကမ်းဘေးကို ရောက်အောင် ဆွဲယူထားနိုင်ခဲ့ပါတယ်" လို့ အလီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly