လွတ်လပ်ရေးစစ် အောင်ပွဲ နှစ် ၅၀ ပြည့်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ကုလရုံးရှေ့၌ ပါကစ္စတန်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်

By Latestly
24 December 2021
လွတ်လပ်ရေးစစ် အောင်ပွဲ နှစ် ၅၀ ပြည့်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ကုလရုံးရှေ့၌ ပါကစ္စတန်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်

ဆွစ်ဇာလန်နိုင်ငံ၌ နေထိုင်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ပြီးခဲ့သည့် ရက်ပိုင်းက ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ၁၉၇၁ ခုနှစ် ပါကစ္စတန်၏ လူမျိုးတုန်းသတ်မှုကျူးလွန်မှုအတွက် တရားမျှတမှု ရှာဖွေရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုဆန္ဒပြပွဲသည် ပါကစ္စတန်အပေါ်တွင် ဘင်္ဂလားဒေ့ရှ်၏ လွတ်လပ်ရေးစစ်အောင်ပွဲ နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် အဆိုပါနေရာတွင် ဆန္ဒပြသူဦးရေ အနည်းငယ်သာ စုဝေးခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက "လူမျိုးတုန်းသတ်မှု ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးရပါလိမ့်မယ်" ၊ "ပါကစ္စတန် စစ်တပ်နဲ့ ၎င်းတို့ရဲ့ ကြံရာပါကူညီသူတွေဟာ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်အတွင်း အမျိုးသမီး နှစ်သိန်းကို အဓမ္မကျင့်ခဲ့ကြတယ်" ၊ "၁၉၇၁ ဘင်္ဂလားဒေ့ရှ် လူမျိုးတုန်းသတ်ခံရမှုကို အသိအမှတ်ပြုပေးပါ" ဆိုပြီး ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ဒီဇင်ဘာ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်အတွက် လွတ်လပ်ရေးနေ့ အောင်ပွဲဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ဒီနေ့ကို ဆင်နွှဲကျင်းပကြပါတယ်၊ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ အကြာ ၁၉၇၁ ခုနှစ်က ပါကစ္စတန် စစ်ဗိုလ်ချုပ်ကြီးတွေဟာ အိန္ဒိယစစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးတပ်ဆီမှာ အညံ့ခံခဲ့ကြရလို့ဖြစ်ပါတယ်၊ ဆိုတော့ ကျွန်တော်တို့ဟာ ဒီနေ့အတွက် အင်မတန် ဂုဏ်ယူမိတယ်၊ နောက်ပြီး ၁၉၇၁ ခုနှစ် လူမျိုးတုန်းသတ်မှု ကို အသိအမှတ်ပြုဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနဲ့ ကုလ လူ့အခွင့်အရေးကော်မရှင်တို့ဆီမှာ ဆက်လက် ချဲ့ထွင်ကြိုးပမ်းနေပါတယ်" ဟု ဘာသာရေးလွှမ်းမိုးမှု ကင်းသည့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ နိုင်ငံတကာဖိုရမ် ဥက္ကဋ္ဌ ရာမန် ခါလီလာ မာမွန်က ပြောခဲ့သည်။

"ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး နှစ် ၅၀ ပြည့် အခမ်းအနား ဆင်နွှဲတာဖြစ်ပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီနေ့အတွက် ဂုဏ်ယူမိပါတယ်၊ လွတ်လပ်ရေးစစ်အတွင်း အဓမ္မကျင့်ခံ၊ အသတ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွေကိုလည်း အလေးထားထောက်ထားမှု ပေးပါတယ်၊ နောက်ပြီး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူအားလုံးကို ကျွန်တော် လေးစားပါတယ်၊ ပါကစ္စတန်တို့ လူမျိုးတုန်းသတ်မှုတစ်ခု ကျူးလွန်ခဲ့တယ်ဆိုတာကို ဒီနေ့မှာ အသိအမှတ်ပြုစေချင်ပါတယ်" ဟု ဂျီနီဗာ အခြေစိုက် ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည့် ရှာဇီယာ ဆူလ်တန်က ပြောသည်။

"ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ အခြေခံ တောင်းဆိုချက်ကို နားထောင်ပေးဖို့နဲ့ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ် လူမျိုးတုန်းသတ်မှုအတွက် လူမဆန်တဲ့ ပါကစ္စတန်စစ်တပ် တာဝန်ခံရစေအောင် လုပ်ဖို့အတွက် ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို ပန်ကြားချင်ပါတယ်" ဟု အခြားဆန္ဒပြသူတစ်ဦးဖြစ်သည့် ဘာသာရေးလွှမ်းမိုးမှု ကင်းသည့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ နိုင်ငံတကာဖိုရမ် အကြီးတန်းအကြံပေးတစ်ဦးဖြစ်သည့် နက်ဇ်ရူလ် အစ္စလမ် ဇမ်မဒါက ပြောသည်။

"၁၉၇၁ လူမျိုးတုန်းသတ်မှုတစ်ခုကို ကြေညာဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကိုလည်း ပန်ကြားပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပါကစ္စတန်စစ်တပ်သည် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းတပ်ဖွဲ့ထံ အညံ့ခံခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်ကို ရှိတ်ခ် မူဂျီဘာ ရာမန်၏ ဦးဆောင်မှုအောက်ရှိ နိုင်ငံသစ်တစ်ခု တရားဝင်ဖြစ်လာစေခဲ့သည်။

စစ်ပွဲသည် ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ကိုးလကြာအထိ ဆက်ဖြစ်ခဲ့ကာ ဒီဇင်ဘာတွင် စစ်အောင်ပွဲ မကြေညာခင်အထိ လူ သုံးသန်းအထိ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly