ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းဝါဇီရစ္စတန်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား၍ ရဲ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

By International The News
24 December 2021
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းဝါဇီရစ္စတန်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား၍ ရဲ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းဝါဇီရစ္စတန်ဒေသ၌ ဒီဇင်ဘာ ၁၆ ရက်က ပါကစ္စတန်တယ်လီကွန်မြူနစ်ကေးရှင်း ကုမ္ပဏီလီမိတက် (PTCL) ၏ ရုံးနှင့် ဟမ်ဇူနီဧရိယာရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်သုံးခုကို စစ်သွေးကြွများက ပစ်ခတ်ခဲ့ရာတွင် နယ်မြေခံရဲတစ်ဦး ကျဆုံးပြီး အခြားရဲနှစ်ဦးနှင့် စစ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါနေ့ အစောပိုင်းက စစ်သွေးကြွများသည် ဂူလမ် ခန်း အရပ် ဒန်းဒေး ဆာအီဒ်ဂီ ဧရိယာရှိ PTCL ရုံးကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းကဲ့သို့ စစ်သွေးကြွများ၏ ပစ်ခတ်မှုကြောင့် PTCL ရုံး၌ အစောင့်တာဝန်ကျနေသည့် ရဲတစ်ဦးဖြစ်သည့် ဆက်ဒါ ဂျန် သေဆုံးခဲ့ပြီး အခြား ရဲနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဒဏ်ရာရ ရဲများ၏ အမည်များကို အသေအချာ စိစစ်ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

ထို့ပြင် စစ်သွေးကြွများသည် ဟမ်ဇူနီ ဧရိယာတွင် အော်တိုမက်တစ် ရိုင်ဖယ်သေနတ်များဖြင့် လုံခြုံရေးစစ်ဆေးရေးဂိတ်သုံးခုကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နာခီးဘ် အမည်ရ စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့များက အင်အားအပြည့်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ချိန်တွင် အဆိုပါ စစ်သွေးကြွများ ထွက်ပြေးသွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly