တရုတ်ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုမှုအပေါ် ဗြိတိန်ထောက်လှမ်းရေး သတိပေး

တရုတ်ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုမှုအပေါ် ဗြိတိန်ထောက်လှမ်းရေး သတိပေး

လာမည့်နှစ်တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲမတိုင်မီ ကမ္ဘာသုံးငွေကြေးအဖြစ် တရုတ်ဒစ်ဂျစ်တယ် ယွမ်ငွေအား အသုံးပြုခြင်းကို သတိပြုကြရန် ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီက သတိပေးထားသည်။ ဆောင်းရာသီ အိုလံပစ်မတိုင်မီ တရုတ်အစိုးရက ဒစ်ဂျစ်တယ် ယွမ်ငွေအား အသုံးပြုရန် အားပေးပြီး အသုံးပြုသူများအား စောင့်ကြည်၊ ထိန်းချုပ်ခြင်းတို့ လုပ်ဆောင်လာနိုင်ကြောင်းနှင့် လုံခြုံရေးအရ စိုးရိမ်ရနိုင်ကြောင်း ထောက်လှမ်းရေး အေဂျင်စီက သတိပေးတားမြစ်ထားသည်ဟု Singapore Post တွင် ရေးသားထားသည်။

ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီ၏ အစိုးရဆက်သွယ်ရေးရုံးချုပ် (GCHQ) ၏ ညွှန်ကြားရေးမှူးဂျရမီဖလဲမင်းက ဒစ်ဂျစ်တယ်ငွေကြေးများသည် ငွေအများအပြားပေးချေရာတွင် ကောင်းမွန်သလို အဆိုပါ နည်းပညာဖွံ့ဖြိုးမှုတွင် အန္တရာယ်များလည်း ရှိကြောင်း ပြောကြားသည်။

“မှန်ကန်စွာ အသုံးမပြုဘူးဆိုရင် ရန်လိုတဲ့ နိုင်ငံတွေအတွက် ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုတွေကို စောင့်ကြည့်စေနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုတဲ့အပေါ် ထိန်းချုပ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်” ဟု ဖလဲမင်းက ပြောသည်။

“ကွန်မြူနစ်တရုတ်နိုင်ငံဟာ ဗြိတိန်ရဲ့ အကြီးဆုံး မဟာဗျူဟာ ပြဿနာဖြစ်လာပါတယ်။ တရုတ်အစိုးရက သူလျှိူလုပ်ငန်းတွေကို တိုးချဲ့ လုပ်ကိုင်နေပြီး ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

အခြားနိုင်ငံများက ဗြိတိန်နိုင်ငံသားများ၏ အလုပ်၊ ဈေးဝယ်၊ လူမှုရေးနှင့် ခရီးသွားဆိုင်ရာ အကြောင်းအရာများအပါအင် အချက်အလက်အများအပြားကို ရရှိသွားပါက အတွင်းရေးများကို ထဲထဲဝင်ဝင် ရရှိသွားပြီး အချုပ်အခြာအာဏာ ထိခိုက်မှုကို ဖြစ်စေနိုင်ကြောင်းလည်း ၎င်းက သတိပေးထားသည်။

တရုတ်အစိုးရသည် ကမ္ဘာ့အနှံ့တွင် အာဏာရှင်ဆန်စွာ ထိန်းချုပ်ရေးကွန်ရက်ကို တည်ဆောက်နိုင်စေမည့် နည်းပညာကို ပြည်ပသို့ တင်ပို့နေကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI6 ညွှန်ကြားရေးမှူး ရစ်ချက်မိုးက ဒီဇင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် အခြားနို်ငငံများကို ဒေတာထောင်ချောက်အတွင်းသို့ ရောက်ရှိစေရန် ဆွဲယူနေကြောင်းလည်း ၎င်းက စွပ်စွဲခဲ့သည်။

ဒစ်ဂျစ်တယ်ငွေကြေးသည်လည်း အဆိုပါ ထောင်ချောက်တစ်ခု ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်တွင် ဒစ်ဂျတယ်ယွမ်ငွေအသုံးပြုရန် စာရင်းသွင်းထားသည့် တစ်ဦးချင်းစီနှင့် ကုမ္ပဏီပေါင်း သန်း ၁၄၀ ရှိကြောင်း Singapore Post တွင် ဖော်ပြထားသည်။

ရုရှားနှင့် တရုတ်ကဲ့သို့ နိုင်ငံများသည် ဒစ်ဂျတယ်ငွေကြေးစနစ်များအတွင်းသို့ ထိုးဖောက်ခိုးဝင်ကြောင်း ဗြိတိန်နိုင်ငံက ယခင်ကပင် စွပ်စွဲထားသည်။ ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကာလအတွင်း တရုတ်၏ ဒစ်ဂျစ်တယ်ငွေကြေးသစ်ကို အမေရိကန် အားကစားသမားများ အသုံးမပြုရေး တားမြစ်ရန် အမေရိကန် အိုလံပစ်ပြိုင်ပွဲ ကော်မတီအား အမေရိကန်ရီပတ်ပလစ်ကင် လွှတ်တော်အမတ် ၃ ဦးကလည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly