ရုရှရဲ့ လုံခြုံရေးအကြံပြုချက်ကို အမေရိကန်က ဆွေးနွေးလိုတာ အပြုသဘောဆောင်ဟု ပူတင် ပြော 

ရုရှရဲ့ လုံခြုံရေးအကြံပြုချက်ကို အမေရိကန်က ဆွေးနွေးလိုတာ အပြုသဘောဆောင်ဟု ပူတင် ပြော 

ဒီဇင်ဘာ ၂၄

နေတိုးအဖွဲ့ရဲ့ အရှေ့ဖက် ချဲ့ထွင်ခြင်းကို ထိန်းချုပ်ရေး ရုရှရဲ့ လုံခြုံရေး အဆိုပြုချက်ကို အမေရိကန်နိုင်ငံက ဆွေးနွေးလိုခြင်းဟာ အပြုသဘောဆောင်တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ကြာသပတေးနေ့မှာ ပြောပါတယ်။ 

ယူကရိန်းမှာ စစ်ရိပ်စစ်ငွေ့သန်းနေတာနဲ့ ပတ်သက်လို့ အနောက်အုပ်စုက စိုးရိမ်မှု ရှိနေချိန်လည်း ဖြစ်ပါတယ်။ 

ဆိုဗီယက်ဟောင်း ယူကရိန်းမှာ တင်းမာမှု အရှိန်လျှော့ချရေးအတွက် ရုရှက တောင်းဆိုထားတဲ့ အဆိုပြုချက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်နဲ့ နေတိုးအဖွဲ့ဆီ တင်ပြခဲ့တာပါ။ 

ရုရှရဲ့ အဲဒီ တောင်းဆိုချက်မှာ နေတိုးအနေနဲ့ စစ်မဟာမိတ်အဖွဲ့အတွင်း အဖွဲ့ဝင်သစ်ကို လက်မခံသင့်သလို ဆိုဗီယက်ဟောင်းနိုင်ငံတွေမှာ စစ်စခန်းတွေ မတည်ဆောက်ရေး တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

“နေတိုးအနေနဲ့ အရှေ့ဖက်ပိုင်းဆီ ချဲ့ထွင်တာမျိုး မလုပ်သင့်ဘူး”လို့ နှစ်ကုန် တစ်နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။ 

“အဖြေက သူတို့ လက်ထဲမှာ၊ ဒီအတွက် ကျွန်တော်တို့ကို သူတို့ကပဲ အဖြေပေးဖို့ လိုတယ်”ဆိုပြီး ပူတင်က ပြောရင်း “ချုံ့ပြောရရင် အပြုသဘော တုံ့ပြန်မှုတော့ ကျွန်တော်တို့ ရှုမြင်ရပါတယ်”လို့ ထပ်လောင်း ပြောပါတယ်။ 

“ဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုပြီး အမေရိကန် မိတ်ဖက်တွေက ကျွန်တော်တို့ကို ပြောတယ်၊ ဒီ ဆွေးနွေးပွဲတွေဟာ ဂျီနီဗာမှာ လာမယ့်နှစ်အစမှာ ဖြစ်လာဖို့ ရှိတယ်”လို့ ပူတင်က ပြောပါတယ်။ 

ရုရှရဲ့ တစ်ဖက်သတ်ဆန်တဲ့ အခု တောင်းဆိုချက်တွေကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေထဲက အဖွဲ့ဝင် အချို့ကတော့ ပယ်ချထားတာ ဖြစ်ပါတယ်။ 

အမေရိကန်ကတော့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပေမယ့် ရုရှရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး အသေးစိတ် တုံ့ပြန်တာမျိုး မရှိသေးပါ။ 

ရုရှဟာ ယူကရိန်း အရှေ့ပိုင်း နယ်စပ်နားမှာ တပ်တွေ ကြီးမားစွာ ဖြန့်ကြက်ထားတယ်လို့ အနောက်အစိုးရတွေက စွပ်စွဲကြပါတယ်။ အဲဒီ နယ်မှာ ယူကရိန်ဟာ ရုရှလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required