ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ တောင်းဆိုမှု ငြင်းပယ်ခံခဲ့ရ

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ တောင်းဆိုမှု ငြင်းပယ်ခံခဲ့ရ

ဒီဇင်ဘာ ၂၄

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာ၏ တောင်းဆိုမှုကို အာဏာသိမ်းစစ်ကောင်စီက လက်မခံဘဲ ပယ်ချခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် ၎င်း၏ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းအစား အိန္ဒိယ အဆင့်မြင့်သံတမန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ပိုင်းနှင့်သာ တွေ့ဆုံနိုင်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မည်သူတို့နှင့် တွေ့ဆုံခဲ့သည် ဆိုသည်ကိုတော့ အသေးစိတ် ထုတ်ဖော်ခြင်း မရှိပေ။

တချိန်တည်းမှာပင် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာ၏ မြန်မာခရီးစဉ်တွင် မြန်မာအာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပိုင်းက အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် သောင်းကျန်းသူ သူပုန်အဖွဲ့များကို ၎င်းတို့ဘက်က ထောက်ကူပံ့ပိုးမည် မဟုတ်ဟု အိန္ဒိယဘက်ကို အာမခံပြောဆိုခဲ့သည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့်လက မဏိပူရ်ပြည်နယ် ချူရာချန်ဒ်ပူရ် ခရိုင်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦး၊ ၎င်း၏ မိသားစုနှင့် အခြားစစ်သားများ သေဆုံးခဲ့ရသည့် ခြုံခိုတိုက်ခိုက်မှုဖြစ်စဉ်ကဲ့သို့ သူပုန်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် အထက်ပါကဲ့သို့ မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က အာမခံပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"နယ်စပ် ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်မှုမှန်သမျှကို အဆုံးသတ်ဖို့ လိုအပ်တယ်ဆိုတာကို အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က အလေးပေး ပြောခဲ့ပါတယ်၊ အခြားတနိုင်ငံကို အန္တရာယ်ပေးမယ့် လုပ်ရပ်မှန်သမျှအတွက် သက်ဆိုင်ရာ နိုင်ငံနယ်နိမိတ်တွေကို အသုံးပြုခွင့် မပေးဘူး ဆိုတဲ့ ကတိကဝတ်ကို နှစ်ဘက်စလုံးက ထပ်လောင်း အတည်ပြုခဲ့တယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းဆီ အမြန်ဆုံး ပြန်ရောက်သည်ကို အိန္ဒိယဘက်က မြင်တွေ့လိုကြောင်း၊ ထိန်းသိမ်းဖမ်းဆီးခံထားရသူများနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ကိစ္စရပ်များကို ဖြေရှင်းခြင်း၊ အကြမ်းဖက်မှုအားလုံး လုံးဝ ရပ်ဆိုင်းခြင်းတို့ကို အိန္ဒိယအနေဖြင့် မြင်တွေ့လိုကြောင်းကို ရှရင်ဂလာက အလေးပေးပြောခဲ့သည်ဟု (MEA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required