CDM ဝန်ထမ်းများကို အလုပ်ထုတ်သည့် CB Bank ကို သတိပေးသည့်အနေဖြင့် မိုင်းထောင်ဟုပြောက်ကျားတပ်ဖွဲ့ပြော

CDM ဝန်ထမ်းများကို အလုပ်ထုတ်သည့် CB Bank ကို သတိပေးသည့်အနေဖြင့် မိုင်းထောင်ဟုပြောက်ကျားတပ်ဖွဲ့ပြော

ဒီဇင်ဘာ ၂၃

CDM လုပ်နေသည့် ဝန်ထမ်းများအား ဖိအားပေး အလုပ်ထုတ်မှုရှိနေသည့် ရန်ကုန်ရှိ CB Bank ဘဏ်ခွဲတစ်ခုကို သတိပေးသည့်အနေဖြင့် မိုင်းတစ်လုံးထောင်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။

သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ CB Bank အား ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲ ၁၂နာရီ၂၀ မိနစ်အချိန်တွင် မိုင်းထောင်ခဲ့ခြင်းဖြစ်သည်။

"CDM သမားတွေအကူအညီတောင်းလာလို့လုပ်ခဲ့တာပါ ၊သတိပေးတဲ့အနေအထားမှာ တစ်ဦးတစ်ယောက်ကိုမှမထိခိုက်စေလို၍ ဖောက်ခွဲခြင်းမပြုလုပ်ပဲမိုင်းပဲ ထောင်ခဲ့တာ"ဟု Burma Final Revolution Armed Forces အဖွဲ့ကပြောသည်။

အဆိုပါဘဏ်သည် အကြမ်းမဖက်အာဏာဖီဆန့်သည့် CDM ပြုလုပ်လျှက်ရှိသောဝန်ထမ်းများအား အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ရန်ဖိအားပေးစာများ ဝန်ထမ်းများအား ခွင့်တိုင်ကြားခြင်းမရှိဘဲ ခွင့်ရက်ရှည်ပျက်သည့်အတွက် ပျက်ကွက်ခြင်းဆိုသောအကြောင်းပြချက်ဖြင့် အလုပ်မှထုတ်ပယ်ခြင်းများပြုလုပ်သောကြောင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲမှု မပြုလုပ်ပဲ ဗုံးထောင်ခြင်းဖြစ်တယ်လို့သိရသည်။

မိုင်းထောင်မှုကိုတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်များက စစ်ဆေးမှုများလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"အနော်ရထာ (၄၅) လမ်း၊ အနော်ရထာနဲ့ သိမ်ဖြူလမ်းဆုံ၊ အနော်ရထာနဲ့ ဗိုလ်အောင်ကျော်လမ်း၊ (၃၈) လမ်းစျေးအနား ဆိပ်ကမ်းသာလမ်းနားမှာလည်း လက်နက်အပြည့်နဲ့ တစ်နေရာကို ငါးယောက်၊ ခြောက် ယောက်လောက်ရှိတယ်၊ဖြတ်သွားတဲ့တချို့သူတွေကို အိတ်တွေစစ် ဖုန်းတွေစစ် လုပ်နေပါတယ်"ဟု ပြောသည်။

အောက်တိုဘာလ ၂၃ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကွမ်းယာဆိုင်မှတ်တိုင်တွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ရောက်လာသော စစ်ကောင်စီတပ်ကိုနောက်ထပ်ဗုံးတစ်လုံးဖောက်ခွဲတိုက်ခိုက်လိုက်ရာ သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly