မြန်မာ၌ ဒီမိုကရေစီစနစ်ကို ပြန်သွားရေးနှင့် အကြမ်းဖက်မှု ရပ်တန့်ရေး အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် တိုက်တွန်း

မြန်မာ၌ ဒီမိုကရေစီစနစ်ကို ပြန်သွားရေးနှင့် အကြမ်းဖက်မှု ရပ်တန့်ရေး အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် တိုက်တွန်း

ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီ အမြန်ဆုံး ပြန်သွားသည်ကို နယူးဒေလီဘက်က မြင်တွေ့လိုကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာက မြန်မာနိုင်ငံကို လာရောက်သည့် နှစ်ရက်တာခရီးစဉ်အတွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရင်ဂလာသည် ၎င်း၏ ခရီးစဉ်တွင် အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်၊ အခြား အကြီးတန်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်သည်။

ရှရင်ဂလာသည် ၎င်း၏ ခရီးစဉ်အတွင်း အိန္ဒိယ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ လုပ်ခဲ့သည်ဟု သိရသည်။

ရှရင်ဂလာ၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦး မြန်မာသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

၎င်း၏ တွေ့ဆုံဆွေးနွေးမှုများအတွင်း အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်က မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်းဆီ အဆောလျင်ဆုံး ပြန်သွားသည်ကို မြင်ရရန် အိန္ဒိယ၏ စိတ်ဝင်စား ဆန္ဒရှိမှုကို အလေးပေး ပြောခဲ့သလို ထိန်းသိမ်းခံထားရသူများနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ကိစ္စရပ်များကို ဖြေရှင်းရေး၊ အကြမ်းဖက်မှုအားလုံးကို လုံးလုံးလျားလျား ရပ်စဲရေး တို့ကိုလည်း အလေးပေး ပြောဆိုခဲ့သည်ဟု MEA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရေးဆိုင်ရာ အာဆီယံ၏ အစီအစဉ်အပေါ်လည်း အိန္ဒိယဘက်က အခိုင်အမာ ထောက်ခံကြောင်းကို ၎င်းက ထပ်လောင်း ပြောဆိုခဲ့သလို ဘုံသဘောတူညီချက် ငါးချက်အပေါ် အခြေခံပြီး လက်တွေ့ကျပြီး အပြုသဘောဆောင်နည်းလမ်းဖြင့် တိုးတက်မှုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု MEA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုခရီးစဉ်က မဏိပူရ် တောင်ပိုင်း ချူရာချန်ပူရာခရိုင်တွင် မကြာသေးခင်က ဖြစ်ခဲ့သည့် ဖြစ်စဉ် နောက်ပိုင်း အိန္ဒိယ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်သည့် အခွင့်အလမ်းတစ်ခုကို ထောက်ပံ့ပေးအပ်ကြောင်း MEA က ပြောသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ ခရီးစဉ်တွင် မြန်မာအတွက် အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးပုလင်း ၁ သန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ လွှဲပြောင်းပေးအပ်ခဲ့သလို လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် မြန်မာကို ဆန်နှင့် ဂျုံ တန်ချိန် ၁၀,၀၀၀ ထောက်ပံ့မှုကိုလည်း ကြေညာခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required