အီရန်မှ ယီမင်ဆီ ဦးတည်တယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ အမေရိကန် ရေတပ် ဖမ်းဆီးရမိ 

အီရန်မှ ယီမင်ဆီ ဦးတည်တယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ အမေရိကန် ရေတပ် ဖမ်းဆီးရမိ 

ဒီဇင်ဘာ ၂၃

အမေရိကန်ရေတပ်ဟာ အီရန်ကနေ စစ်ပွဲဒဏ်သင့် ယီမင်နိုင်ငံက ဟူသီသူပုန်တွေဆီ မှောင်ခိုပေးပို့တာလို့ဆိုတဲ့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်က AK 47 ရိုင်ဖယ်အလက် ၁၄၀၀ နဲ့ ခဲယမ်းမီးကျောက်တွေကို ဖမ်းဆီးရမိပါတယ်။ 

မြောက်အာရေဗျ ပင်လယ်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က အဆိုပါ ငါးဖမ်းစက်လှေပေါ် တက်ရောက်ရှာဖွေရာမှာ လက်နက်အမြောက်အမြားနဲ့အတူ ယီမင်ကလို့ စစ်ဆေးသိရှိရတဲ့ အမှုထမ်း ငါးဦးကို ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ အမေရိကန်ရေတပ် အလယ်ပိုင်းကွပ်ကဲရေးရုံး NAVCENT က ပြောပါတယ်။ 

စက်လှေကိုတော့ ဝမ်းဗိုက်ဖောက်ပြီး နှစ်မြုပ်ပစ်ခဲ့ပါတယ်။ 

ဘီမင်နိုင်ငံဟာ ၂၀၁၄ ကစလို့ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အစိုးရကို အီရန်ကျောထောက်နောက်ခံပြုတဲ့ ဟူသီသူပုန်တွေက တိုက်ခိုက်နေတာဖြေစ်ပါတယ်။ 

“နိုင်ငံမဲ့ စက်လှေပေါ်ကနေ AK 47 ရိုင်ဖယ်အလက် ၁၄၀၀ လောက်နဲ့ ခဲယမ်းမီးကျောက် ၂၂၆၆၀၀ ကို အမေရိကန် အမှတ် ၅ ရေတပ်အုပ်စု စစ်သင်္ဘောတွေက ဖမ်းဆီးရမိတာ ဖြစ်ပါတယ်”လို့ ဗုဒ္ဓဟူးနေ့က အမေရိကန်ရေတပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

“ဒီ နိုင်ငံမဲ့ စက်လှေဟာ အီရန်နိုင်ငံက ထွက်လာတာ ဖြစ်နိုင်တယ်လို့ မှန်းဆရပါတယ်၊ လက်နက် တရားမဝင် ကုန်သွယ်ရာ လမ်းကြောင်းကို အသုံးပြုပြီး နိုင်ငံတကာရေပိုင်နက်ကို ဖြတ်လို့ ယီမင်က ဟူသီတွေဆီ ပေးပို့မယ့် လက်နက်တွေ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဘာရိန်းအခြေစိုက် အမှတ် ၅ ရေတပ်အုပ်စုအနေနဲ့ အခုနှစ်အတွင်း တရားမဝင် လက်နက်ပေါင်း ၈၇၀၀ ခန့် ဖမ်းဆီးရမိထားပါတယ်။ 

သူပုန်တွေကို ရင်ဆိုင်ရာမှာ ယီမင်အစိုးရကို စစ်ရေးညွန့်ပေါင်းပြုပြီး ကျောထောက်နောက်ခံပြုရာမှာ ဦးဆောင်နေတဲ့ အမေရိကန်နဲ့ မဟာမိတ် ဆော်ဒီအာရေဗျနိုင်ငံတွေဟာ အီရန်နိုင်ငံက ဟူသီသူပုန်တွေကို လက်နက်ထောက်ပံ့နေတယ်လို့ ရေရှည်စွပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။ 

အီရန်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။ 

“တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ဟူသီသူပုန်တွေကို လက်နက်ထောက်ပံ့တာ၊ ရောင်းချတာနဲ့ ပေးပို့တာတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ ရောက်ပါတယ်”လို့ အမေရိကန် ထုတ်ပြန်ချက်မှာ ထပ်လောင်းဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly