ဖားကန့် မှော်ဆီဆာကျေးရွာ မြေပြိုကျမှု ရုပ်အလောင်း ၄ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့် မှော်ဆီဆာကျေးရွာ မြေပြိုကျမှု ရုပ်အလောင်း ၄ လောင်း ရှာဖွေတွေ့ရှိ

ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ဆီဆာကျေးရွာ အောင်သာယာမှော် (၂) အနီးရှိ ရေကန်အတွင်း စွန့်ပစ်မြေစာ ပစ်သည့်နေရာတွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ၂၀ ကျော် ပျောက်ဆုံးနေပြီး ရုပ်အလောင်း လေးလောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ဖားကန့် လူမှုဝန်ထမ်းကယ်​ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒုတိယ​မြောက်နေ့ ရှာဖွေမှုအဖြစ် ယနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၂ နာရီကျော်အထိ ရုပ်အလောင်း သုံးလောင်း ထပ်မံ တွေ့ရှိခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင်လည်း ရုပ်အလောင်း တစ်လောင်း ဆယ်ယူရရှိထားခြင်းဖြစ်သည်။

"အခုချိန်ထိတော့ ကျား လေးလောင်း ရှာတွေ့ထားပြီ၊ မြေစာပြိုတဲ့အထဲ စျေးသည် မိန်းကလေးတွေလည်း ပါတယ်၊ မိန်းကလေး အလောင်းတွေတော့ မတွေ့သေးဘူး။ ညနေ ငါးနာရီအထိတော့ ရှာဖွေမှုတွေ လုပ်နေအုံးမှာပါ။ နောက်နေ့လည်း ဆက်ရှာရမယ်" ဟု ဖားကန့် လူမှုဝန်ထမ်းကယ်​ဆယ်ရေးအဖွဲ့မှ ကိုဂျက်က မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၃ နာရီ မိနစ် ၃၀ ခန့်က မြေစာပြိုကျမှု ဖြစ်ပွားပြီး လူအယောက် ၂၀ ကျော် သေဆုံးနိုင်ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုထားပြီး ရေကန်ထဲရှိ ဖောင်များပေါ် တွယ်တက် လိုက်နိုင်ခြင်းကြောင့် ရေမဆေးကျောက်ရှာသူ ၅၀ ခန့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့တွင် တစ်ပတ်အတွင်း မြေစာပြိုကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်နှင့် ဒီဇင်ဘာလ ၁၈ ရက် ညက ပြိုကျမှုတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly