မောင်တောမြို့တွင် ထွေအုပ်ဝန်ထမ်း အသတ်ခံရ

မောင်တောမြို့တွင် ထွေအုပ်ဝန်ထမ်း အသတ်ခံရ

ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ထွေအုပ်ဝန်ထမ်း တစ်ဦး သတ်ဖြတ် ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ ထွေအုပ်ဝန်ထမ်း ကိုဆန်းဌေးနိုင် ဖြစ်ပြီး မောင်တောမြို့နယ် မြင်းလွှတ်မြို့ ထွေအုပ်မှ စာရေးတစ်ဦး ဖြစ်ကြောင်း မောင်တောမြို့၊ မြို့မနောက်ရပ်ကွက် ဘုတ်ဆိတ်တွင် ယမန်နေ့ ညအချိန်က သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

မျက်နှာ ဖူးရောင်ဒဏ်ရာနှင့် လည်ပင်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း အလောင်း သွားရောက် ယူဆောင်ခဲ့သည့် မောင်တောမြို့နယ် ကရုဏာကွန်ရက် ဥက္ကဌ ကိုချစ်ထူးခိုင်က ပြောသည်။

“သူ့ဦးလေးက ဖုန်းဆက်လာတယ်၊ လူတစ်ယောက်လဲ နေတယ်၊ သူ့က သူ့တူမှန်းတောင် မသိဘူး၊ ၇ နာရီခန့်မှာ ဖုန်းဆက်လာတာ၊ ကျွန်တော်တို့က အဖွဲ့သားတွေကို ခေါ်ပြီးသွားတယ်၊ အဲ့ရောက်တော့ ရဲတွေကို ဖုန်းဆက်အကြောင်းကြား လိုက်တဲ့အခါ မိသားစုတွေနဲ့အတူ ရောက်လာကြတယ်’’ ဟု သူကပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း သံသယ ဖြစ်ဖွယ် ပြဿနာများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက် ပြုနေသည့် အဖွဲ့တစ်ခုက စနစ်တကျ ဖန်းတီးမှုအဖြစ် ပရဟိတသမားဖြစ်သူ ဦးဝေဟင်အောင်က သုံးသပ်ပြောဆိုသည်။

“အခုတလော သံသယ ဖြစ်ဖွယ်ကောင်းတဲ့ ပြဿနာ ဖန်တီးမှုတွေက ဆက်တိုက် ဖြစ်ပေါ်နေတယ်၊ ရခိုင်ပြည် တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် ပြုနေတဲ့ အဖွဲ့တစ်ခုက စနစ်တကျ ဖန်တီးနေတာ ဖြစ်တယ်လို့ မြင်လာရတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ရှုပ်ထွေးနေတဲ့အချိန် ဖြစ်တဲ့အတွက် ဘယ်အဖွဲ့က လုပ်တယ် ပြောရမှာခက်တယ်။ သို့သော် အခုလိုဖြစ်ပေါ်နေတဲ့ အပေါ် ရခိုင်တိုင်းရင်းသားတွေနှင့် ရခိုင်မှာ နေထိုင်နေကြတဲ့ အကုန်လုံးက အခုပြဿနာကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းလာနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်တယ်။ ဝိုင်းဝန်းထိန်းသိမ်း ကြပါလို့လည်း ကျွန်တော့်အနေနဲ့ တောင်းဆိုချင်ပါတယ်’’ ဟု ဦးဝေဟင်အောင်က ပြောသည်။

သေဆုံးသူတွင် သမီးလေးတစ်ဦးနှင့် အမျိုးသမီးတို့ ကျန်ရစ်ခဲ့ကြောင်း လက်ရှိ အလောင်းအား မောင်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မောင်တော်မြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly