လစ်ဗျားရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်

လစ်ဗျားရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်

ဒီဇင်ဘာ ၂၃

လစ်ဗျားနိုင်ငံမှာ ကာလကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ သမ္မတရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဒီဇင်ဘာ ၂၄ ရက်မှာ ကျင်းပဖို့ "မဖြစ်နိုင်တော့" ကြောင်း ရွေးကောက်ပွဲ ကျင်းပမှုဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ တဆက်တည်းမှာလည်းပဲ ဒီရွေးကောက်ပွဲကို တစ်လကြာ နောက်ဆုတ်ရွှေ့ဆိုင်းထားမယ်လို့ ၎င်းတို့က ပြောခဲ့ပါတယ်။

ဒါဟာ စစ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့တဲ့ လစ်ဗျားနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါအဓိကကျတယ်လို့ ရှုမြင်ခံရတဲ့ ရွေးကောက်ပွဲတစ်ခုကို မူလစီစဉ်ထားသလို မကျင်းပဖြစ်ဘဲ နောက်ဆုတ်လိုက်တာလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် လူထုအုံကြွမှုနဲ့အတူ အာဏာရှင် မူအမ်မာ ကဒါဖီ ဖြုတ်ချအသတ်ခံရပြီးနောက် ဆယ်စုနှစ်တစ်စုကျော်အကြာနဲ့ အထင်ကရ အပစ်ရပ်စဲမှုတစ်ခုနောက်ပိုင်း တစ်နှစ်အကြာမှာပဲ ရေနံကြွယ်ဝတဲ့ မြောက်အာဖရိကနိုင်ငံအတွက် အသစ်တစ်ဖန် စတင်မှုတစ်ခုကို ဖြစ်ပေါ်စေဖို့အတွက် ဒီ သမ္မတရွေးကောက်ပွဲကို ပြုလုပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ် ဆိုတဲ့ ထင်ကြေးပေးမှန်းဆချက်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

မဲပေးပွဲရဲ့ ဥပဒေဆိုင်ရာ အခြေခံရှိမှု၊ အနိုင်ရမယ့်သူရဲ့ လုပ်ပိုင်ခွင့်တွေအပြင် အကြီးအကျယ် သဘောကွဲလွဲမှုတွေ ရှိနေခဲ့တဲ့ ကိုယ်စားလှယ်လောင်း ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ အငြင်းအခုံတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

"နည်းပညာ၊ တရားရေး နဲ့ လုံခြုံရေးဆိုင်ရာ အစီရင်ခံစာတွေနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးပြီးနောက် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို ကျွန်တော်တို့ အသိပေးအကြောင်းကြားပါတယ်" ဆိုပြီး ရွေးကောက်ပွဲမဲပေးမှုကို ကြီးကြပ်တဲ့ ပါလီမန်ကော်မတီ ဥက္ကဋ္ဌက လွှတ်တော်ဥက္ကဋ္ဌထံ ဒီဇင်ဘာ ၂၂ ရက်မှာ စာရေးသားအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ယင်းအကြောင်းကြားစာထဲမှာတော့ တူးနစ်မြို့မှာ ကုလဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွင်း ယမန်နှစ်က သတ်မှတ်ခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်အစား ရွေးကောက်ပွဲကျင်းပမယ့် ရက်အသစ်ကို ထည့်သွင်းရေးသားထားတာတော့ မရှိပါဘူး။

ပါလီမန်ဆိုင်ရာ မဲပေးမှုတွေနဲ့အတူ ဒွန်တွဲပြီး ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ လစ်ဗျားသမ္မတရွေးကောက်ပွဲကတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုရဲ့ တစိတ်တဒေသလည်း ဖြစ်ပါတယ်။

လစ်ဗျား သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အငြင်းပွားဖွယ်ရာကိုယ်စားလှယ်လောင်းတွေထဲမှာ အာဏာရှင်ဟောင်း ကဒါဖီရဲ့ သားဖြစ်တဲ့ ဆိုင်ဖ် အယ်-အစ္စလမ်လည်း ပါဝင်ပြီး ၎င်းဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးက စွပ်စွဲထားပါတယ်။ ၎င်းအပြင် နိုင်ငံအရှေ့ပိုင်းက စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာလည်း ပါဝင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly