ချင်းတွင်းမြစ်ကြောင်းအတွင်း တရားမဝင်သယ်လာသည့် ကျောက်စိမ်းများကို PDFက ဖမ်းဆီးပြီး NUGထံ လွှဲပြောင်းပေးအပ်

ချင်းတွင်းမြစ်ကြောင်းအတွင်း တရားမဝင်သယ်လာသည့် ကျောက်စိမ်းများကို PDFက ဖမ်းဆီးပြီး NUGထံ လွှဲပြောင်းပေးအပ်

ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း ၊ ချင်းတွင်း မြစ်ကြောင်းအတွင်းခန္တီးမြို့မှ မန္တလေးမြို့သို့ ကျောက်စိမ်း တင်ဆောင်လာသည့် ရေယာဉ် ၁၁ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရေယာဉ်ပေါ်ပါ ကျောက်စိမ်းများအားသိမ်းဆည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ ဒီဇင်ဘာလ ၂၁ ရက်တွင် အပ်နှံခဲ့ကြောင်း Mingin PDF အဖွဲ့က ထုတ်ပြန်ထားသည်။

မင်းကင်းပြည်သူ့ကာကွယ်ရေး (Mingin PDF )တပ်ရင်း ( ၁ ) မှ ချင်းတွင်းမြစ်အတွင်း ရေကြောင်း စိုးမိုးရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ဒီဇင်ဘာလ ၂၀ရက်က ထိုသို့ သိမ်းဆည်းရမိခြင်းဖြစ်သည်။

" ပစ္စည်းတွေက ပိုင်ရှင်မပါဘူး။ စက်လှေက ပစ္စည်းပို့ပေးတဲ့ စက်လှေ၊ မောင်းတဲ့လူနဲ့ စက်လှေပိုင်ရှင်ပဲပါလာတာ။ သူတို့ကလည်း အဲ့ဒီဟာတွေ ပါလာတာကို မသိဘူးပြောတယ်။ အဲ့ဒါကြောင့် ဖမ်းဆီးတာမျိုးတော့လုပ်တယ်။ ဒါပေမဲ့ ပစ္စည်းပိုင်ရှင်တွေကသပ်သပ် စက်လှေဘက်ကသပ်သပ်ဆိုတော့ စက်လှေဘက်ကို နောက်တစ်ခါ ပစ္စည်းစစ်ဆေးပြီးမှ လက်ခံသယ်ယူဖို့ ဝန်ခံကတိနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ပေါင်းပြီးထည့်လိုက်တာ ပီနံအိတ် သုံးအိတ်ရပါတယ်။ အလုံးရေတော့မသိဘူး။ တိတ်ပတ်ပါကင်ထုတ်တွေဆိုတော့ ၂၅ ထုတ်လောက်တော့ ရှိမယ်" ဟု Mingin PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ချင်းတွင်းမြစ်ကို အသုံးပြု၍ မှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ ပျူ‌စောထီး ဒလန်ဆိုသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ ရိက္ခာများ၊ ခဲယမ်းလက်နက်များ သယ်ယူနေခြင်း နှင့် ရေကြောင်းကို အသုံးပြု၍စစ်ကောင်စီမှ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်ဟုလည်း ၎င်းက ဆိုသည်။

တို့ကြောင့် ၎င်းတို့အနေဖြင့် ရေကြောင်းစိုးမိုးရေးလုပ်ငန်းများ အားဖြည့်လုပ်ဆောင်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်စဉ် တရားမဝင် ကျောက်စိမ်းများ သယ်ယူလာသည်ကို ဖမ်းဆီးရရှိခဲ့ပြီး NUG တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ NUG အစိုးရထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

"တွင်းထွက် ကျောက်မျက်ရတနာတွေပဲ ဖြစ်ဖြစ် သစ်ဝါးတွေပဲ ဖြစ်ဖြစ် ဒါကို ခိုးသယ်ရင် တရားမဝင်ဘူးလို့ ယူဆပါတယ်ဗျ။ တရားဝင်ဆိုတာကတော့ အခွန်အခနဲ့ သယ်ယူခွင့်လိုင်စင်ရှိမှ တရားဝင်လို့ လက်ခံပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး သူတို့အနေနဲ့ ထိန်းသိမ်းလို့ လုံခြုံမယ့်နေရာကို သယ်ယူသွားတာပါ"ဟု ၎င်းက ပြောသည်။

မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်း( ၁ )အနေဖြင့် ရေကြောင်းစိုးမိုးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရားမဝင် သစ်ဝါးများ သယ်ယူနေခြင်း၊ ကျောက်မီးသွေး၊ ကျောက်စိမ်းများ အပါအဝင် စစ်ကောင်စီနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများမှန်သမျှ ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ NUG ထံအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required