မလေးရှား ရေဘေးမှာ သေဆုံးသူ ၂၇ ဦးအထိ မြင့်တက်လာ 

မလေးရှား ရေဘေးမှာ သေဆုံးသူ ၂၇ ဦးအထိ မြင့်တက်လာ 

ဒီဇင်ဘာ ၂၃

မလေးရှားနိုင်ငံမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှု ဘေးအတွင်း သေဆုံးသူဦးရေဟာ ဗုဒ္ဓဟူးနေ့မှာဆိုရင် ၂၇ ဦးအထိ မြင့်တက်ရောက်ရှိလို့ လာပါတယ်။ 

ခုချိန်မှာ သန့်ရှင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြရသလို ဒေသခံတွေဟာလည်း ဒီ သဘာဝရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုကို ကြည့်ရှုစစ်ဆေးနေကြရချိန်လည်း ဖြစ်ပါတယ်။ 

ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာပြီးနောက် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ မြစ်ရေလျှံတက်မှုတွေ ဖြစ်တာကြောင့် မြို့တွေ ရေကြီးရေလျှံကာ အဓိကလမ်းမတွေ ပြတ်တောက်ခဲ့ရတာပါ။ ပြည်သူ ထောင်ပေါင်းများစွာလည်း နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးခိုလှုံကြရပါတယ်။ 

မြို့တော် ကွာလာလမ်ပူကို ဝန်းရံထားတဲ့ မလေးရှားရဲ့ လူအထူထပ်ဆုံးနဲ့ အချမ်းသာဆုံး ဆီလန်ဂေါပြည်နယ်ဟာ ရေကြီးမှုဘေး အဆိုးဆုံး ကြုံတွေ့ရာလည်း ဖြစ်ပါတယ်။ 

ပြည်နယ်ရဲ့ မြို့တော် ရှာ အလမ်မှာ လူအများစုဟာ နေအိမ်မှာပဲ အစားအစာ အနည်းငယ်နဲ့ ရက်များစွာ သောင်တင်နေခဲ့ပြီးမှ စနစ်မကျလှတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက စက်လှေတွေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်း ကယ်ဆယ်ခံရတာပါ။ 

“ကျွန်တော်တို့ အရာရာ ဆုံးရှုံးသွားပြီ၊ ကျွန်တော်တို့ရဲ့ ကားတွေ၊ အိမ်နဲ့ အစစအရာရာပါပဲ”လို့ ဘေးလွတ်ရာ ကယ်တင်ခံရသူ ချန် ယန်းက ပြောပါတယ်။ 

“အထောက်အပံ့အချို့ ကျွန်တော်တို့ကို အစိုးရက ပေးလိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်”ဆိုပြီး သူက ပြောပါတယ်။ 

ရေကြီးရေလွှမ်းမှုက တဖြည်းဖြည်း ကျဆင်းလျက် ရှိနေပြီး အနီးနား မြစ်အတွင်း ရေစီးဝင်မှုကို ထိန်းချုပ်တဲ့ ရေထိန်းတံခါး ကျိုးပဲ့တာကို ပြင်ဆင်ပြီးရင် ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

သေဆုံးသူဦးရေမှာ ဆီလန်ဂေါပြည်နယ်မှာတင် အယောက် ၂၀ ရှိပြီး အရှေ့ပိုင်း ပါဟန်းပြည်နယ်မှာ ခုနစ်ဦး သေဆုံးတာဖြစ်တယ်လို့ နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly