မင်းတပ်မြို့နယ် ခွီးရိန်ရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အကျအဆုံးရှိ

By ဆာရှိမိ
23 December 2021
မင်းတပ်မြို့နယ် ခွီးရိန်ရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အကျအဆုံးရှိ

ဒီဇင်ဘာ ၂၃

စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ မင်းတပ်မြို့နယ် ခွီးရိန်ရွာ၌ ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နေ့လယ် ၂ နာရီ ၀န်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများ အကျအဆုံး ရှိကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) ပြန်ကြားရေး တာ၀န်ခံ ကိုယောမာန်က ပြောသည်။

"၀မ္မသူးရွာကနေ ဆင်းလာတဲ့ စစ်ကြောင်းနဲ့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီတပ်သား သုံးယောက်ကျပြီး ငါးယောက် ဒဏ်ရာရတယ်လို့ မြေပြင်ရှိတဲ့ သူက ပြောတယ်။ မနေ့က ဖြစ်တဲ့ လှိရုံးရွာမှာတော့ တိုက်ပွဲ မဖြစ်တော့ဘူး ။ မင်းတပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦး ၀န်းကျင် ကျဆုံးရှိပါတယ်" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)တို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ လေးရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ခဲ့သည်။

ရှစ်မွှေးရွာနှင့် လွဲပန်းရွာတို့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်တွင်လည်း ဝမ္မသူးရွာနှင့် လှိရုံးရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဝမ္မသူးရွာ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) ပြန်ကြားရေး တာ၀န်ခံ ကိုယောမာန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly