UNITY IDP စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် တစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးခဲ့

UNITY IDP စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် တစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးခဲ့

ဒီဇင်ဘာလ ၂၂ ရက်

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအား စောင့်ရှောက်ထားသည့် UNITY IDP စခန်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ည ၁၁ နာရီ ၂၁ မိနစ်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်တစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်လစေ့နေပြီး အနီးဆုံး ဆေးရုံဆေးခန်းများသို့ သွားလာနိုင်ခြင်း မရှိသဖြင့် UNITY IDP ဆေးခန်းတွင် ယောကျ်ားလေး တစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

“ကလေးရော မိခင်ရော ကျန်းမာနေပါတယ်၊ ဒါကျွန်တော်တို့ စခန်းမှာ ပထမဆုံး မွေးဖွားခဲ့တဲ့ ကလေးငယ်ပါ၊ ကလေးဖခင်က ရှေ့တန်းရောက်နေတယ်၊ ဒီစခန်းမှာ ဆရာဝန် လေးယောက်နဲ့ သူနာပြုက သုံးယောက် ရှိနေပါတယ်၊ စစ်ဘေးရှောင် ပြည်သူတွေထဲက အသက်ကြီးရင့် သူတွေနဲ့ မွေးကင်းစ ကလေးတွေ

ကိုယ်ဝန်ဆောင်သည်တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးထားပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ စက်ကိရိယာအချို့ကိုလည်း စုဆောင်း တပ်ဆင်ထားပါတယ်” ဟု UNITY IDP စခန်းတာဝန်ခံ တစ်ဦးက ပြောသည်။

UNITY IDP စခန်းတွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ပြည်သူ ၁၁၀၂ ဦးရှိပြီး အမိုးအကာ အတွက် တာပေါ်လင်နှင့် စောင်များ အဓိက လိုအပ်နေကြောင်း သိရသည်။

“ရိက္ခာကတော့ ၅ ရက်စာလောက် ကျန်သေးတယ်၊ တစ်နေ့ကို အနည်းဆုံး ဆန် ၃ အိတ် ချက်ရပါတယ်၊ စစ်ဘေးရှောင်တွေက ပိုပိုပြီးတိုးလာတော့ လိုအပ်ချက်တွေလည်း ရှိနေတာကြောင့် ဝိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု စခန်းတာဝန်ခံ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required