မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်းမှ စစ်ရှောင်များကို နေရပ်ပြန်ခိုင်းနေ

မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်းမှ စစ်ရှောင်များကို နေရပ်ပြန်ခိုင်းနေ

ဒီဇင်ဘာလ ၂၂ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီ နောက်လိုက် ဒေါက်တာ သက်သက်ခိုင်နှင့် ဒေါက်တာအောင်ကျော်မင်းတို့ လာရောက်အပြီးတွင် စစ်ရှောင်များ နေရပ် ပြန်လိုက ပြန်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု  အဆိုပါ စခန်းတာဝန်ခံက ပြောသည်။

“ပြန်မယ့် ဆန္ဒရှိတဲ့သူတွေ စာရင်းပေးလို့ ရတယ်လို့ ပြောတယ်။ နေရပ်ကို ပြန်ရင် နေအိမ်တွေ ပျက်စီးနေတာတွေကို ပြုပြင်ပေးမယ်။ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမယ်လို့တော့ ပြောတယ် ” ဟု တိန်ညို စစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

မြောက်ဦးမြို့နယ်ရှိ တိန်ညို စစ်ရှောင်စခန်းသို့ စစ်ကောင်စီ၏ နောက်လိုက် ဒေါက်တာ သက်သက်ခိုင်၊ ဦးကိုကိုလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာအောင်ကျော်မင်း၊ ဗိုလ်မှူးကြီး ကျော်သူရ၊ ဗိုလ်မှူးကြီး ထိန်လင်းနှင့် စစ်တပ်အဖွဲ့သားများ  ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ခဲ့သည်။
တိန်ညိုစခန်းမှ စစ်ရှောင် အများစုသည် နေအိမ်များကို စွန့်ခွာပြီး စခန်းကို ရောက်ရှိနေသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သည်။

ယခု ပြန်မည်ဆိုပါက နေအိမ်များ ပျက်စီးယိုယွင်း နေမည်ဖြစ်ပြီး တိုက်ပွဲများ ပြန်ဖြစ်လာမည် ကိုလည်း စိုးရိမ်နေကြသည်။ ယင်းအပြင် စစ်ကောင်စီ နောက်လိုက် ဝန်ကြီးများ၏  ကတိကဝတ် များကိုလည်း အယုံမကြည် မရှိ၍ မပြန်လိုဟု အဆိုပါစခန်းရှိ စစ်ရှောင်များက ပြောသည်။ 

“ပေးမယ်လို့ ပြောရင်လည်း သူတို့က အာမခံချက် မရှိတဲ့အတွက် ကျွန်မတို့က ယုံကြည်မှု မရှိဘူး။ ရွာမှာ သက်သေသက်ထား အဖြစ် တစ်ခုခုများ လုပ်ပြထားရင် ကျွန်မတို့က ယုံကြည်လို့ရမှာ။ အခုကဘာမှလည်း မလုပ်ပေးတဲ့အတွက် မယုံကြည်ဘူး။ ကျွန်မတို့က မပြန်ရဲသေးဘူး။ နောက်ထပ် စစ်ပွဲတွေ ဖြစ်လာမှာကိုလည်း ကြောက်တယ်။ စစ်သားတွေလည်း နေရာတိုင်းမှာ ရှိကြသေးတယ် ”ဟု စစ်ရှောင်တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးက ပြောသည်။

နေရပ်ပြန်မည်ဆိုပါက နေအိမ်ပျက်စီးမှုးများကို အဆင့် A၊ B ၊ C ဟု သုံးဆင့်ခွဲ ကူညီမည်ဟု ကတိ ပေးခဲ့သည်ဟုလည်း ဆိုသည်။ အဆင့် (A) သည် လုံးဝပျက်စီးသွားသည့်အိမ်၊ အဆင့် (B သည် တစ်ဝက်တစ်ပျက် ပျက်စီးသည့်အိမ် ဖြစ်ပြီး အဆင့် (C) မှာ အနည်းငယ် ပျက်စီးသွားသည့် အိမ် ဟု ခွဲထားသည်ဟု ဆိုသည်။  

“ သူတို့က ပြောတယ်။ စစ်ဘေးရှောင်တွေ အတွက် ကုန်နေတဲ့ ငွေတွေက တိုင်းပြည် တည်ဆောင်ရေး အတွက် အသုံးမဝင်ဘဲ မိမိနေရပ်ကို ပြန်ရင် ပိုအဆင်ပြေမှာပါလို့ ပြောတယ်။ အဲ့တော့ ကျွန်တော်တို့ဘက်က ပြောချင်တာက သူတို့ လူကြီးပိုင်းတွေက စာချုပ်စာတန်းတွေ၊ ကတိကဝတ်တွေနဲ့ အပစ်အခတ် ရပ်စဲပြီးမှ ပြန်လို့ရမယ်။ အဲ့လိုမျိုး မဟုတ်ရင် စိုးရိမ်စိတ်တွေ များနေတဲ့အတွက် အတင်းပြန်ခိုင်းလို့မှ မရတာ” ဟု တိန်ညိုစစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင် က ပြောသည်။

တိန်ညို စစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်တွင် ဖွင့်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ဘေးရှောင် ပြည်သူများ လာရောက် ခိုလှုံခဲ့ကြသည်။ လက်ရှိတွင် အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂‚၈၆၂ ဦး နေထိုင်လျက် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required