ကီရင်က ဦးပိုင်နှင့် ဘီယာဖက်စပ်လုပ်ငန်း အငြင်းပွားမှုအတွက် ဂျပန်အစိုးရ၏ အကူအညီကို တောင်းခံသွားနိုင်

ကီရင်က ဦးပိုင်နှင့် ဘီယာဖက်စပ်လုပ်ငန်း အငြင်းပွားမှုအတွက် ဂျပန်အစိုးရ၏ အကူအညီကို တောင်းခံသွားနိုင်

ဒီဇင်ဘာ ၂၂

ဂျပန် အဖျော်ယမကာလုပ်ငန်း ကီရင် ဟိုးလ်ဒင်း (Kirin Holdings Co.) ကုမ္ပဏီသည် မြန်မာစစ်အုပ်စုနှင့် ပတ်သက်သော ဦးပိုင်ကုမ္ပဏီနှင့် ဘီယာဖက်စပ်လုပ်ငန်းတစ်ခု ဖျက်သိမ်းအဆုံးသတ်ခြင်းဆိုင်ရာ အငြင်းပွားမှုတစ်ခုကို ဖြေရှင်းနိုင်ရေးအတွက် ဂျပန်အစိုးရထံမှ အကူအညီ တောင်းခံသွားနိုင်ကြောင်း ယင်းဂျပန်ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာဘရူဝါရီ ဟု ခေါ်သည့် ဖက်စပ်လုပ်ငန်းတစ်ခုကို ဖျက်သိမ်းရန် လုပ်ငန်းပါတနာဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က ပြီးခဲ့သည့်လက ရန်ကုန်ခရိုင်တရားရုံးတစ်ခုသို့ တစ်ဖက်သတ် ဦးတည်လျှောက်ထားခဲ့ပြီးနောက် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ဂျပန်ကုမ္ပဏီအနေဖြင့် အထက်ပါကဲ့သို့ အကူအညီမျိုး လိုကောင်းလိုနိုင်သည်ဟု ကီရင် ဟိုးလ်ဒင်း၏ ဥက္ကဋ္ဌဖြစ်သလို စီးအီးအိုလည်းဖြစ်သည့် ယိုရှီနိုရီ အီဆိုဇာကီက အင်တာဗျူးတစ်ခုတွင် ပြောသည်။

ကီရင်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊  ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် မြန်မာနိုင်ငံရှိ အကြီးဆုံးဘီယာကုမ္ပဏီ ဖက်စပ်လုပ်ငန်းနှင့်ပတ်သက်သည့် အငြင်းပွားမှုကို ဇွန်လကုန်မတိုင်မီ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း အီဆိုဇာကီက ပြောသည်။

"အခြေအနေတွေ မဟန်တဲ့အချိန်မှာ ဘာမှမသိ၊ နားမလည်သလို အယောင်ဆောင်နေတဲ့ အခြေအနေမျိုးအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အစိုးရဘက်က ကျွန်တော်တို့ကို အပြင်းအထန် မတိုက်တွန်းခဲ့ဘူးလို့တော့ ကျွန်တော် ယုံကြည်ပါတယ်" ဟု အသက် ၆၈ နှစ်ရှိ အီဆိုဇာကီက ဂျပန်နှင့် မြန်မာအကြား ၂၀၁၄ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တစ်ခုကို ရည်ညွှန်းပြောခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို တက်လှမ်းလုပ်ဆောင်ခဲ့ချိန် ၂၀၁၄ ခုနှစ်အတွင်းက ရင်းနှီးမြှုပ်နှံသူများကို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်မှုများ ဖယ်ခွာခံရမည့်အရေးကနေ ကာကွယ်သည့် ထို သဘောတူညီချက်နောက်ပိုင်း ၂၀၁၅ ခုနှစ်တွင် တိုကျိုအခြေစိုက် ကုမ္ပဏီသည် မြန်မာ့ ဈေးကွက်ထဲ ဝင်လာခဲ့ခြင်းဖြစ်သည်။

ကီရင်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်အကြား မြန်မာဘရူဝါရီနှင့် မန္တလေး ဘရူဝါရီ လီမိတက် ဆိုသည့် ဖက်စပ်လုပ်ငန်းနှစ်ခု ရှိသည်။ သို့သော် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကီရင်သည် ပြည်တွင်းပါတနာနှင့်အကြား ယင်း၏ ဖက်စပ်ပူးပေါင်းလုပ်ကိုင်မှု အဆုံးသတ်ရန် ဖေဖေါ်ဝါရီလက ဆုံးဖြတ်ခဲ့သည်။ ယင်းနောက်ပိုင်း ဂျပန်ကုမ္ပဏီသည် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၏ တရားရေးအရ လျှောက်ထားမှုကို တုံ့ပြန်သောအားဖြင့် ကီရင်လုပ်ငန်းခွဲတစ်ခုကလည်း ယခုလအစောပိုင်းတွင် စင်ကာပူ နိုင်ငံတကာအနုညာတခုံရုံးတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးတိုက်လျှောက်ထားမှု လုပ်ဆောင်ထားခဲ့သည်။

ကီရင်သည် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်ပတ်သက်ခြင်းမရှိသည့် ပြည်တွင်း ပါတနာသစ်တစ်ခုကို ရှာဖွေနေသည်။ သို့သော် မှန်ကန်သင့်တော်သည့် ဆွေးနွေးမှုတစ်ရပ် လုပ်ဆောင်ပြီး ဖြေရှင်းချက်တစ်ခုကို ဥပဒေနှင့်အညီ၊ အကျိုးသင့်အကြောင်းသင့် နည်းလမ်းတစ်ခုနှင့်အတူ လုပ်ဆောင်ထားနိုင်မည်ဆိုပါက အရှေ့တောင်အာရှနိုင်ငံဘက်က ပန်ကြားလာချိန်တွင် ကီရင်အနေဖြင့် မြန်မာဈေးကွက်မှ ထွက်ခွာမည်ဟု အီဆိုဇာကီက ပြောသည်။

စစ်အာဏာသိမ်းမှုက "မျှော်လင့်မထားခဲ့သော ဖြစ်ရပ်" ဖြစ်ခဲ့ကြောင်းနှင့် ကီရင်အနေဖြင့် ယခုကိစ္စကို မည်သို့မည်ပုံ ကိုင်တွယ်မလဲ ဆိုသည်ကို "ကမ္ဘာက စောင့်ကြည့်နေသည်" ဟု ကီရင် အမှုဆောင်အရာရှိချုပ်က ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ဆွေးနွေးမှုများလုပ်ရန် ကီရင်၏ ပန်ကြားချက်ကို လုပ်ငန်းပါတနာဘက်မှ လုံလုံလောက်လောက် တုံ့ပြန်မထားခဲ့သေးကြောင်း အီဆိုဇာကီက ပြောသည်။ ၎င်း၏ ကုမ္ပဏီနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေသည့် မြန်မာစစ်အုပ်စုတို့ အနေဖြင့် အငြင်းပွားမှုတွင် တရားမျှတသော ဖြေရှင်းချက်တစ်ခု ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required