အစိုးရ ၀က်ဆိုဒ်များ တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံမှ ဟက်ကာများနှင့် ပတ်သက်မှုရှိမရှိ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းနေ

အစိုးရ ၀က်ဆိုဒ်များ တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံမှ ဟက်ကာများနှင့် ပတ်သက်မှုရှိမရှိ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းနေ

ဇန်နဝါရီ ၆ ။             ။ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်ဆန့်ကျင်သည့်အနေဖြင့် ဇန်နဝါရီ ၅ ရက်တွင် အမည်မသိဟက်ကာများက ရဲတပ်ဖွဲ့ဝက်ဆိုဒ်အများ အပြားကို တိုက်ခိုက်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယခုအခါ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

အနည်းဆုံး ဝက်ဆိုဒ် ငါးခု၏ Home စာမျက်နှာတွင် အနက် နှင့် အဖြူရောင် စာသားများဖြစ်သည့် "Failed Law"၊ "We want Justice" စသည်တို့ ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ခိုထောင်ကျွန်းလူသတ်မှုအပေါ် မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ဆန့်ကျင်ရည်ညွန်း၍ တိုက်ခိုက်ခြင်းဖြစ်သည်။

ယခု ဟက်ကာများသည် ပြည်ပတွင် နေထိုင်သည့် လူ့အခွင့်အရေး တက်ကြွသူများဖြင့် ဖွဲ့စည်းထားသော အုပ်စုတစ်စု မှ ဖြစ်သည်ဟု ထိုင်းအမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီချာနာရောင် ဆူတီချန်ဘန်ချာက ပြောကြားသည်။

"ဟက်ကာတွေက ကျွန်တော့်တို့ကို စိတ်အနှောက်အယှက်ဖြစ်နိုင်ရုံလောက်ပဲ၊ အခြား သတင်းအချက်အလက်တွေ ခိုးယူသွားတာမျိုး၊ ပျက်စီးစေတာမျိုး မရှိခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။

အနည်းဆုံး ဝက်ဆိုဒ်ငါးခု ဖောက်ထွင်းခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း ဆိုဒ် ၁၄ ဆိုဒ်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု အမည်မသိ နိုင်ငံတကာဟက်ကာအုပ်စုတစ်စုက ထုတ်ဖော်ပြောကြားသည်။

"ဟက်ကာတွေက အခြားနိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတဲ့ သတင်းတစ်ခုကျွန်တော်ရထားပါတယ်" ဟု ရဲမှူး ဒီချာနာရောင် ဆူတီချန်ဘန်ချာကပြောဆိုခဲ့ပြီး ၎င်းတို့မှာ ခိုထောင်ကျွန်းကိစ္စအပေါ် တုန့်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံမှ ဟက်ကာများလုပ်ဆောင်ခြင်းဖြစ်နိုင်ပါသလားဟု မေးမြန်းခဲ့ရာ ၎င်းက ဖြစ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖြေကြားသွားခဲ့သည်။

" ဒီကိစ္စမှာ ဘယ်သူလုပ်ခဲ့တာလဲဆိုတာကို ရဲတွေစစ်ဆေးနေပါတယ်၊ ဟက်ကာတွေက ပြည်တွင်းကလား ၊ဒါမှမဟုတ် ပြည်ပကလားဆိုတာတော့ ခုထိ သေသေချာချာ မသိရသေးပါဘူး" ဟု နည်းပညာပိုင်းဆိုင်ရာ မှုခင်းတိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့ အကြီးအကဲ ဆူပါဆီတီ ချွန်ချိုင်က ကျိုတို သတင်းအေဂျင်စီသို့ ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly