အီရန်က အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ် 

အီရန်က အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ် 
Photo - AFP

ဒီဇင်ဘာ ၂၂

အီရန်နိုင်ငံဟာ နျူကလီးယားစက်ရုံအနီး အပါအဝင်ဖြစ်တဲ့ ပြည်နယ် သုံးပြည်နယ်အတွင်း ငါးရက်တာ စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂါနေ့မှာ မြေပြင်နဲ့ ပင်လယ်ပြင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်ပြီး စစ်ရေးလေ့ကျင့်ကြောင်း တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။  

အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို ထိန်းချုပ်မယ့် သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး ဗီယင်နာက စေ့စပ်ညှိနှိုင်းမှုတွေ အရာမထင်ခဲ့ရင် ‘အခြား လမ်းကြောင်း’ အတွက် ပြင်ဆင်ထားတယ်လို့ အမေရိကန်နိုင်ငံက ပြောခဲ့တဲ့နောက်မှာ အီရန်က ခုလို စစ်ရေးလေ့ကျင့်လာတာလည်း ဖြစ်ပါတယ်။ 

“ဟော်မုဇ်ကျွန်းတွေဆီ ချည်းကပ်မလာနိုင်ခင်မှာပဲ ရန်သူကို ဖျက်ဆီးပစ်မယ့် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ”လို့ အစောင့်တပ်က ရေတပ်တပ်မှူး ဗိုလ်ချုပ် အလီရီဇာက ပြောကြောင်း အစောင့်တပ်ရဲ့ Sepah News ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ 

ဟော်မုဇ်ရေလက်ကြား ဝင်ပေါက်နား ပင်လယ်ကွေ့မှာ တည်ရှိတဲ့ အဘူမူဆာနဲ့ သွန်းကျွန်းတွေဟာ အီရန်ရဲ့ ထိန်းချုပ်မှုအောက် ရှိနေပေမယ့် ယူအေအီးနိုင်ငံက ၎င်းပိုင်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ 

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာလည်း ဖြစ်ပါတယ်။ 

“ကြီးမြတ်တဲ့ တမန်တော်” လို့ အမည်ပေးထားတဲ့ အခု စစ်ရေးလေ့ကျင့်မှုကို ဟော်မုဇ်ရေလက်ကြားနဲ့ ထိစပ်နေတဲ့ ဘူရှီးယား၊ ဟော်မုဇ်ဂန်နဲ့ ကူဇက်စတန်ပြည်နယ်တွေမှာ တနင်္လာနေ့ကစလို့ စတင်လေ့ကျင့်တာ ဖြစ်ပါတယ်။ 

ဇီဝလက်နက်စစ်ဆင်မှု လေ့ကျင့်တာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ 

အခု စစ်ရေးလေ့ကျင့်မှုမှာ အီရန်ရဲ့ ပြည်တွင်းထုတ် စစ်ရေယာဉ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ရပါတယ်။ ဒီရေယာဉ်တွေဟာ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေကို ရေမိုင် ၇၅ မှ ၉၅ မိုင်အထိ ပစ်လွှတ်နိုင်စွမ်း ရှိထားပါတယ်။ 

တနင်္လာနေ့ အရုဏ်တက်မှာ “လက်နက်ကိုင်တပ်တွေရဲ့ ကာကွယ်ရေးစွမ်းအား တိုးမြှင့်ရေးအတွက် ဘူရှီးယား နျူကလီးယားစက်ရုံနား စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်”လို့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး မိုဟာမတ် တာဂီ အီရန်နီက ‌Far သတင်းဌာနကို ပြောခဲ့ပါတယ်။ 

အလယ်ပိုင်း နာတန်ဇ်အရပ်မှာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစွမ်းရည် စမ်းသပ်မှုတစ်ရပ် ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်ရာမှာ ပေါက်ကွဲသံတစ်ရပ်ကို ၁၂ မိုင်အကွာက နာတန်ဇ် ယူရေနီယံ သိုလှောင်ရေး စက်ရုံကအထိ ကြားခဲ့ကြရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly