“နိုင်ငံသားကတ် မရှိရင် ဒီနိုင်ငံသား မဟုတ်ဘူးလား”

“နိုင်ငံသားကတ် မရှိရင် ဒီနိုင်ငံသား မဟုတ်ဘူးလား”

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်မှာနေတဲ့ ကိုတင်မောင်သိန်း ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ အကြောင်းအရာကတော့ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကတ် မရှိတဲ့သူတွေအတွက် သက်ဆိုင်ရာ စိစစ်လုပ်ဆောင်ပေးပြီး အမှန်တကယ် အခက်အခဲ ရှိနေသူတွေကို ဖြေလျော့ လုပ်ဆောင်ပေးဖို့ အကြံပြု ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာရေးခဲ့သူဟာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

နေ့စဉ် သတင်းစာဖတ်တဲ့ သူဟာ လွန်ခဲ့တဲ့ ရက်ထဲမှာ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပြီး သူတွေ့မြင်နေရတဲ့ သူတွေရဲ့ ဘဝနဲ့ တူနေလို့ ဒီစာကို ရေးလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းစာ ထဲမှာ ရေးထားတာက နိုင်ငံအတွင်းမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကတ် မရှိဘဲ ရွှေ့ပြောင်း သွားလာနေထိုင်သူ ၁၁ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံး ဖြစ်တယ်ဆိုတာ ဖတ်လိုက်ရလို့ပါပဲ၊ သူ့ရဲ့ လုပ်ငန်းရှိတဲ့ လှိုင်သာယာမြို့နယ်ဟာ ဒီလိုလူမျိုးတွေကို အများဆုံး တွေ့နေရပါတယ်။ အထူးသဖြင့် သူ့လုပ်ငန်းက အလုပ်သမားတွေမှာ ဒီအခက်အခဲနဲ့ ရင်ဆိုင်နေရတာကို သူလည်း ဘယ်လို ဖြေရှင်းပေးရမယ် မသိတာကြောင့် ဒီစာကို တာဝန်ရှိသူတွေ သိစေချင်လို့ ရေးပါတယ်လို့ ပြောပါတယ်။

သူ့ရဲ့ အလုပ်သမား အများစုဟာ ၂၀၀၈ က ဖြစ်ခဲ့တဲ့ နာဂစ်ကြောင့် ဧရာဝတီတိုင်းကနေ ပြောင်းရွှေ့လာတဲ့သူက များပါတယ်။ တချို့က ရွာမှာနေစဉ်ကတည်းက နိုင်ငံသား စိစစ်ရေးကတ် လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ စာရွတ်စာတမ်းနဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် လုံးဝ မလုပ်ရ သေးတဲ့ သူတွေပါ။ တချို့ကျတော့ နိုင်ငံသား စိစစ်ရေးကတ် ရှိပေမယ့် အသက်လုပြီး ပြေးခဲ့ရလို့ နိုင်ငံ သားကတ်လည်း မရှိကြတော့ပါဘူး။

တည်ငြိမ်သွားတဲ့အခါမှာ နေစရာမရှိတော့သလို စားဖို့အ တွက် စိုက်ပျိုးစရာ အဆင်မပြြေ ကတော့လိုပ သူတို့ချစ်တဲ့ ဇာတိမြေကို စွန့်ခွာပြီး ရန်ကုန်မြို့စွန်က လှိုင်သာယာလို နေရာမျာ ကျော်တခင်း စာနေရင်း နေ့စဉ် ထမင်းစားဖို့ ပင်ပန်းကြီးစွာ လုပ်ရင်း အသက် ရှင်သန်ဖို့ ရုန်းကန်နေကြရတဲ့ သူတွေပါလို့ ပြောပါတယ်။ နိုင်ငံသားကတ်မရှိတာ သူတို့အတွက် အရေး မကြီးဘူးလို့ ထင်ရပေမယ့် သားသမီးတွေအတွက်ကတော့ မဖြစ်မနေ အရေးကြီးနေတယ်လို့ သူ့အ လုပ်သမားတစ်ဦးက သူ့ကို ရင်ဖွင့်ဖူးပါတယ်။

ဒီလောက် ဒုက္ခတွေ များနေတဲ့ကြားက အဲဒီ့အလုပ်သ မားရဲ့ သားတစ်ယောက်ဟာ ၁၀ တန်း အောင်သွားပါတယ်တဲ့။ အဲဒီကလေး ဝါသနာပါပြီး လုပ်ချင်တဲ့ အလုပ်တွေက လူဦးရေစာရင်းနဲ့ နိုင်ငံသားကတ် မရှိရင် လုပ်လို့မရတာကြောင့် အဆင်ပြေသလို အလုပ်တစ်ခုကိုပဲ ဝင်လုပ်နေရတဲ့ သူ့သားကိုမြင်တိုင်း သူ့စိတ်ထဲ မကောင်းဘူး။ သူတို့ ဒီစာရွတ်တွေ မလုပ်နိုင်လို့ သူ့သား ပင်ပန်းနေရတာကြောင့် ပါလို့ ပြောတာ ကြားရတော့ သူ့စိတ်ထဲမှာ စာနာမိပါ တယ်လို့ ရေးပါတယ်။

ဒီလို မြန်မာနိုင်ငံသား စစ်စစ်တွေသာ မရှိကြတာ သူတွေ့ဖူးတဲ့ နိုင်ငံခြားသား၊ မြန်မာလို နည်းနည်းပဲ ပြောတက်တဲ့သူမှာ နိုင်ငံသားကတ် ရှိနေတာကို အလုပ်ကိစ္စတစ်ခုနဲ့ ပတ်သက်ရင်း သူတွေ့ဖူးပါတယ်။ တကယ်ဆို သည်နိုင်ငံမှာ မွေးပြီး မိဘနှစ်ပါးကလည်း နိုင်ငံသား စစ်စစ်တွေဆိုရင် နိုင်ငံသားကတ် လုပ်ပေးနိုင်တဲ့ နည်းလမ်းတော့ ရှိရမယ်။ ဒီလိုမျိုး မရေမရာ ဘဝတွေနဲ့ ကြီးပြင်းလာ ရပြီး သေတဲ့အထိ နေသွားကြရမယ်ဆိုရင် လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေ အများကြီး ဆုံးရှုံးကြရတာကို လူသားချင်း စာနာထောက်ထားမှုတွေ မရှိတော့ဘူးလားလို့ တွေးမိတာကြောင့် ဒီစာကို တာဝန်ရှိသူများ စဉ်းစားနိုင်အောင် ရေးလိုက်ရပါတယ် ခင်ဗျာဆိုတဲ့ စာကို ဖော်ပြလိုက် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly