အားလုံးမပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းပေးရန် အရပ်အဖွဲ့အစည်းများတောင်းဆို

အားလုံးမပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းပေးရန် အရပ်အဖွဲ့အစည်းများတောင်းဆို

ချင်းမိုင်(မဇ္ဈိမ) ။            ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပါဝင်ရေးကို အကောင်အထည် မဖော်ဘဲ ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းထားရန် အရပ်ဘက် လူထုအဖွဲ့အစည်း ၁၂၆ ဖွဲ့က တောင်းဆိုလိုက် သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အတည်ပြုလိုက်ခြင်းနှင့် လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် ကြေငြာခြင်းတို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကို လစ်လျူခြင်း ဖြစ်သည်ဟု ဇန်နဝါရီလ ၅ ရက်က သဘောထား ထုတ်ပြန်လိုက်သည်။

လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ဖြင့်သာ ဆုံးဖြတ်ခဲ့သကဲ့သို့ ဖြစ်နေပြီး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် နိုင်ငံရေး ဆုံးဖြတ်ချက်တွင် NCA လက်မှတ် မထိုးသေးသည့် တခြားလက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်သေးသဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများမှ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောသည်။

“နိုင်ငံရေးဆွေးနွေးပွဲဆိုတာက တိုင်းပြည်ရဲ့ နှစ် ၆၀ ကျော် နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဥစ္စာကို ဖြေရှင်းဖို့အတွက် ကြိုးစား တဲ့ပွဲ။တကယ် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေး သဘောတူညီချက်တွေ ချနိုင်ဖို့အတွက် ဆွေးနွေးရမယ့် ပွဲတွေမှာ တပ်မတော်ကဘဲ ပြန်ပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်တွေ ကို တပ်မတော်ကဘဲ လက်ဝါးကြီး အုပ်ထားတယ်။ ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ မငြိမ်းချမ်းတဲ့ပြဿနာတွေဟာ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။” ဟု သူက မဇ္ဈိမကို ပြောသည်။

“NCA လက်မှတ်ထိုးထားတာ လတ်လတ်ဆတ်ဆတ်ဘဲ ရှိသေးတယ်။ လက်မှတ်ထိုးတဲ့အချိန်မှာ NCA စာသားတွေကို သေချာပါဝင်ဆွေးနွေးပြီးတော့ သဘောတူတာတောင်မှ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ တွေ့ရတယ်။ NCA လက်မှတ်ထိုးတဲ့အချိန်မှာ ပိုပြီး တိုက်ပွဲတွေ ဖြစ်လို့ ဒုက္ခသည်တွေ ပိုများလာတဲ့အပေါ်မှာ ဘယ်လိုမှ ငြိမ်းချမ်းရေး လမ်းကြောင်းက မပေါ်နေဘူးဖြစ်နေတယ်။” ဟု သူက ဆက်ပြောသည်။

အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့ကို ပါဝင်မှု လက်မခံဘဲ ခွဲခြား ဖယ်ချန်ထားခြင်းသည် အစိုးရ၏ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လမ်းကြောင်း လွဲမှားနေခြင်း ဖြစ်သည် ဟုဆိုသည်။

“၁၂ ရက်နေ့မှာ တခုခု ကြီးကြီးမားမားဆုံးဖြတ်ချက် ချလိုက်တာမျိုး မဖြစ်သွားစေချင်ဘူး။ ဒီအစည်းအဝေးကလည်း အလောသုံးဆယ်မလုပ်ဘဲ တဆင့်ပြီးတဆင့် ခိုင်မာတက်လှမ်းသွားစေချင်တယ်။” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို ပြန်လည် သုံးသပ်စေလိုကြောင်း ရည်ရွယ်ချက်ဖြင့် အရပ်ဘက် လူထုအဖွဲ့အစည်းများက သဘောထားထုတ်ပြန်ရခြင်း ဖြစ်သည်ဟု WLB တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါ်စိုးစိုးနွေက ပြောသည်။

“အခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အတည်ပြုလိုက်တယ်ဆိုပေမယ့် တဖက်မှာ မြေပြင်မှာက တိုက်ပွဲတွေ ဖြစ်နေတယ်လေ။ ဒါက ဘယ်လိုဘဲ ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေးကိစ္စ ပြောနေပါစေ တဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အပေါ်ကို ကျမတို့က ပြောတာပါ။” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် NCAတွင် ပါဝင်သည့် သုံးပွင်ဆိုင် ကိုယ်စားပြုကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုပုံစံမှ ငါးပွင့်ဆိုင်ဆွေးနွေးပွဲပုံစံသို့ ပြောင်းသွားခြင်းသည် မြန်မာနိုင်ငံရေး ပြဿနာ၏ အဓိက သော့ချက်ဖြစ်သည့် ဒီမိုကရေစီရေးနှင့် တိုင်းရင်းသား တန်းတူ ရေးကိစ္စရပ်အပေါ် အလေးထားမှုကို လျော့ကျစေသည်ဟု လူထုအဖွဲ့အစည်းများက ရူမြင်ကြသည်။

နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်မည့် ကိုယ်စားပြု အချိုးအစားများနှင့် ဆုံးဖြတ်ချက်ရယူမည့် ရခိုင်နှုန်း သတ်မှတ်ချက် များကို ပြန်လည် သုံးသပ်ရန်နှင့် ဤသုံးသပ်ရာတွင် NCA လက်မှတ် မထိုးသေးသော အဖွဲ့များ၏ အကြံပြုချက်များ၊ အမြင်သဘောထားများ စုစည်းရယူရန် အရပ်ဘက် လူထုအဖွဲ့ အစည်းများက တိုက်တွန်းထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဖော်ဆောင်ခြင်း မရှိသေးဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအားလုံး မပါဝင်သေးသော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကြိုးပမ်းခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်မည် ကို အထူးစိုးရိမ်ပူပန်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလက အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရ တပ်မတော်နှင့် တခြားတိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သော ရှမ်းပြည်တိုးတက်ရေးကောင်စီ(SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင်တပ်မတော်(AA) အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly