ပျဉ်းမနားမြို့နယ်တွင် စစ်ကောင်စီ ကား ၂ စီး မိုင်းဆွဲခံရ၊ ၁၂ ဦးသေဆုံး ဟုဆို

ပျဉ်းမနားမြို့နယ်တွင် စစ်ကောင်စီ ကား ၂ စီး မိုင်းဆွဲခံရ၊ ၁၂ ဦးသေဆုံး ဟုဆို
ဓာတ်ပုံ - ပုံအဟောင်း

ဒီဇင်ဘာ ၂၁

နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ လက်ဖက်တောင်ကျေးရွာ (ဒေသအခေါ် နက်ကြီးစင်တောင်) အနီးတွင် စစ်ကောင်စီတပ်ကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၁၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် နေပြည်တော် PDF၊ တပ်ရင်း (၈၀၃)၊ တပ်ခွဲ (၅) မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ ကင်းပုန်းဝတ် စောင့်ဆိုင်းခဲ့ပြီး ဆိပ်ဖူးတောင်ဖက်မှ လာသည့် စစ်ကားနှစ်စီးကို မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး ချောက်ထဲကျကာ အနည်းဆုံး စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးပြီး အခြားကားတွင် လိုက်ပါလာသူ ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

"တိုက်ခိုက်ခံရတဲ့ နေရာက ပျဉ်းမနားမြို့နဲ့ဆို မိုင် ၂၀ လောက်ဝေးတယ်၊ ရေနီဘက်ကနေ တောင်ပေါ်ကို သွားတဲ့လမ်းက လက်ဖက်တောင်နားမှာ ဖြစ်တာလို့ကြားတယ်။ ဖြစ်တဲ့နားက ရွာတွေနဲ့လည်း ဝေးတယ်၊ ရွာတွေက တစ်ရွာနဲ့ တစ်ရွာ လှမ်းတော့ မျက်မြင်တွေ့တဲ့ သူတော့ မရှိဘူး၊ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းတော့ ကြားမိပါတယ်" ဟု ပျဉ်းမနား ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မဇ္ဈိမမှ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အသေးစိတ် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly