ထိုင်းမှာ ပထမဆုံး အိုမီခရွန် ပြည်တွင်းကူးစက်မှု တွေ့လို့ ပြည်ပခရီးသွားတွေအတွက် ကွာရန်တင်းစည်းမျဉ်း ပြန်အသက်သွင်းဖို့ စဉ်းစား

ထိုင်းမှာ ပထမဆုံး အိုမီခရွန် ပြည်တွင်းကူးစက်မှု တွေ့လို့ ပြည်ပခရီးသွားတွေအတွက် ကွာရန်တင်းစည်းမျဉ်း ပြန်အသက်သွင်းဖို့ စဉ်းစား

ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံမှာ ပထမဆုံးသော အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် ပြည်တွင်းကူးစက်မှုတစ်ခုကို ဒီဇင်ဘာ ၂၀ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တဆက်တည်းမှာလည်းပဲ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုအတွက် စိုးရိမ်ပူပန်ရတာကြောင့် ထိုင်းအာဏာပိုင်တွေဟာ ပြည်ပခရီးသွားတွေ ကွာရန်တင်းမဖြစ်မနေ ဝင်ရမယ့် စည်းမျဉ်းကို ပြန်လည်အသက်သွင်းဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားတွေအတွက် ကွာရန်တင်းဝင်စရာ မလိုတဲ့ စည်းမျဉ်းဖြေလျှော့ထားမှုကို ပယ်ဖျက်ဖို့နဲ့ ဟိုတယ် ကွာရန်တင်း မဖြစ်မနေ ဝင်ရစေဖို့အတွက် အဆိုပြုသွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာကူးလ်က ပြောပါတယ်။

အိုမီခရွန် ကူးစက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် ဒီ အဆိုပြုချက်ကို လုပ်ဆောင်ရဖို့ ရှိတာဖြစ်တယ်လို့ ဝန်ကြီး အနုတင်က ပြောခဲ့ပါတယ်။ ဒီ အဆိုပြုချက်ကို မကြာမီမှာပဲ အစိုးရရဲ့ COVID-19 အထူးအဖွဲ့ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ဒါဟာ ခရီးသွားဝင်ရောက်မှုဆိုင်ရာ တင်းကျပ်တဲ့ မူဝါဒတွေ ၁၈ လနီးပါးကြာ ကျင့်သုံးပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ နိုင်ငံခြားခရီးသွားတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက်မှာ ခုလိုမျိုး ထိုင်းကျန်းမာရေးဝန်ကြီးရဲ့ မှတ်ချက်စကား ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ကပ်ရောဂါကြောင့် ခရီးသွားဝင်ရောက်မှုဆိုင်ရာ တင်းကျပ်တဲ့ မူဝါဒတွေချမှတ်ခဲ့ရပြီးနောက် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ထိခိုက်ပြိုလဲမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ လက်ရှိအချိန်အထိ အိုမီခရွန် မျိုးကွဲ ကူးစက်ခံရသူ ၆၃ ဦးအထိ တွေ့ရှိထားပြီး တစ်ဦးကတော့ ပြည်တွင်းကူးစက်မှု ဖြစ်ကာ ကျန်သူတွေကတော့ ကျန်ကူးစက်ခံရသူတွေကတော့ ပြည်ပကနေ ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဝန်ကြီး အနုတင်က ပြောပါတယ်။

ပထမဆုံးသော ပြည်တွင်းကူးစက်မှုဖြစ်စဉ်ကိုတော့ ထိုင်းအမျိုးသမီးတစ်ဦးဆီမှာ တွေ့ခဲ့တာဖြစ်ပြီး သူမကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက နိုင်ဂျီးရီးယားကနေ ထိုင်းနိုင်ငံကို ပြန်လာခဲ့တဲ့ ကိုလံဘီယာနိုင်ငံသား ခင်ပွန်းဖြစ်သူဆီကနေတဆင့် ဗိုင်းရပ်စ် ကူးစက်ခံရတာဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required