၂၀၁၉ နောက်ပိုင်း ပထမဆုံးအဖြစ် ဂျပန်မှာ အကျဉ်းသား ၃ ဦးကို ကြိုးပေးကွပ်မျက်

၂၀၁၉ နောက်ပိုင်း ပထမဆုံးအဖြစ် ဂျပန်မှာ အကျဉ်းသား ၃ ဦးကို ကြိုးပေးကွပ်မျက်

ဒီဇင်ဘာ ၂၁

ဂျပန်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား သုံးယောက်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်၊ ဒါဟာ နှစ်နှစ်အတွင်း ပထမဆုံး လုပ်ဆောင်တဲ့ သေဒဏ်စီရင်မှုတွေလည်း ဖြစ်ပါတယ်။

နိုင်ငံမှာ အလွန်တရာ ကြမ်းကြုတ်ရက်စက်တဲ့ ပြစ်မှုကျူးလွန်မှုတွေ ဆက်ရှိနေတာကြောင့် သေဒဏ်ပြစ်ဒဏ်ပေးတာကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

ဂျပန်နိုင်ငံကတော့ သေဒဏ်စီရင်မှုကို ဆက်လက်ကျင့်သုံးနေတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ အနည်းငယ်ထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှု ၊ အထူးသဖြင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ရှိလင့်ကစား ယင်းနိုင်ငံမှာတော့ သေဒဏ်စီရင်မှုအပေါ် လူအများရဲ့ ထောက်ခံမှုကလည်း ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လက်ရှိမှာ ကြိုးတိုက်ထဲမှာ သေဒဏ်ချမှတ်ခံထားသူ ၁၀၀ ကျော် ရှိနေပြီး ၎င်းတို့အနက် အများစုကတော့ လူအများအပြားကို သတ်ဖြတ်မှုတို့အတွက် ကျခံနေရတာဖြစ်ပါတယ်။

အများအားဖြင့်တော့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် အချိန်အတော်ကြာပြီးမှ ကွပ်မျက်မှုတွေကို ကြိုးပေးကွပ်မျက်ရင်း လုပ်ဆောင်တာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ကွပ်မျက်ခံရသူ သုံးဦးအနက် တစ်ဦးကတော့ အသက် ၆၅ နှစ်ရှိ ယာဆုတာကာ ဖူဂျီရှီရို ဖြစ်ပြီး ၎င်းဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက ၎င်းရဲ့ အသက် ၈၀ နှစ်အရွယ် အဒေါ်ဖြစ်သူ အပါအဝင် ဝမ်းကွဲဆွေမျိုး နှစ်ယောက်နဲ့ အခြားလူလေးယောက်တို့ကို တူ၊ ဓား တို့သုံးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

အခြား ကွပ်မျက်ခံရသူနှစ်ဦးကတော့ ၂၀၀၃ ခုနှစ်က ဂိမ်းကစားရုံတစ်ခုမှာ စာရေးနှစ်ယောက်ကို သတ်ခဲ့တဲ့ အသက် ၅၄ နှစ်ရှိ တိုမိုအကီ တာကာနီဇာဝါ နဲ့ ၎င်းရဲ့ ကြံရာပါ ဖြစ်သူ အသက် ၄၄ နှစ်ရှိ မစ်ဆူနိုရီ အိုနိုဂါဝါတို့ ဖြစ်ကြပါတယ်။

ဒီ ကြိုးပေးကွပ်မျက်မှုတွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ရာထူးလက်ခံတာဝန်ယူထားတဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါရဲ့ လက်ထက်မှာ ပထမဆုံး လုပ်ဆောင်တဲ့ ကွပ်မျက်မှုတွေလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly