အမျိုးသမီးများကို အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်ပေးရန် အီးယူက တာလီဘန်တို့ကို ထပ်မံတိုက်တွန်း

အမျိုးသမီးများကို အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်ပေးရန် အီးယူက တာလီဘန်တို့ကို ထပ်မံတိုက်တွန်း

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့်ပြုရန်နှင့် မိန်းကလေးများကို စာသင်ကျောင်းများ တက်ရောက်ခွင့်ပြုရန်အတွက် ယင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) အထူးကိုယ်စားလှယ် တိုမတ်စ် နစ်ကလက်ဆန်က ဒီဇင်ဘာ ၁၀ ရက်က တာလီဘန်တို့ကို တိုက်တွန်းသွားခဲ့သည်။

အာဖဂန်နစ္စတန်တွင် မိန်းကလေးများကို ကျောင်းတက်ခွင့်မပေးခြင်းနှင့် အမျိုးသမီးများကို အလုပ်လုပ်ခွင့် မပြုခြင်းတို့က အဖိုးတန်အရည်အချင်း၊ ကျွမ်းကျင်မှုများကို ပိတ်ပင်ထားသည့် သဘောဆောင်သည်ဟု နစ်ကလက်ဆန်က ခိုင်းနှိုင်းပြောဆိုခဲ့ကြောင်း Pajhwok Afghan News က ဖော်ပြသည်။

"အာဖဂန်နစ္စတန်ရဲ့ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ ထိန်းချုပ်အပိတ်ခံထားရတာနဲ့ပတ်သက်လို့ ကျွန်တော် အင်မတန် စိုးရိမ်ပူပန်မိပါတယ်၊ ဒါပေမယ့် NGOs တွေကနေတဆင့် ဝန်ဆောင်မှုတွေ ထောက်ပံ့ဖို့နဲ့ အလုပ်အကိုင်တွေ ထောက်ပံ့ပေးမယ့် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်ဦးဆောင်စေဖို့ ရှိနေချိန်မှာ မိန်းကလေးငယ်တွေကို ကျောင်းတက်ခွင့်မပေးတာ၊ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်မပြုတာတို့ကတော့ နောက်ထပ် အဖိုးတန် ကျွမ်းကျင်မှုတွေအပေါ် ပိတ်ပင်မှုတစ်ခု လုပ်နေသလို ဖြစ်နေပါတယ်၊ အာဖဂန်ကြားဖြတ်အစိုးရအနေနဲ့ ဒါကို ပိတ်ထားရာကနေ ဖွင့်ပေးနိုင်ပါတယ်" ဟု ၎င်းက တွစ်တာအကောင့်တွင် ရေးခဲ့သည်။

"အီးယူအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကို ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်သလို နိုင်ငံတကာ ကတိကဝတ်တွေကို တိုက်စားထိခိုက်စေဖို့ ကြိုးပမ်းမှုမှန်သမျှကို သတိနဲ့ စောင့်ကြည့်သွားမှာဖြစ်ပါတယ်" ဟု နစ်ကလက်ဆန်က ပြောသည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်ကို သြဂုတ်လလယ်က ထိန်းချုပ်သွားနိုင်ခဲ့ပြီးနောက် ယင်းနိုင်ငံတွင် စာသင်ကျောင်းများကို ပိတ်ထားခဲ့ရာ မိန်းကလေးကျောင်းသူ ထောင်ပေါင်းများစွာတို့မှာ ၎င်းတို့၏နေအိမ်များတွင်သာ နေထိုင်နေကြရသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်ခြင်းကို ခံထားရသည်။

ထို့ပြင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်တွင် အာဖဂန် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း အလုပ်အကိုင် ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီး တာလီဘန်အဖွဲ့က ရှာရီယာ ဥပဒေကို တင်းကျပ်စွာ အဓိပ္ပါယ်ဖွင့်ဆိုမှုကြောင့် ၎င်းအမျိုးသမီးစီးပွားရေးသမားများမှာ များသောအားဖြင့် နေအိမ်များတွင် နေထိုင်နေကြရသည်။

"အာဖဂန်နစ္စတန်အနေနဲ့ အမျိုးသမီးတွေကို ထည့်သွင်းပါဝင်စေပြီး မိန်းကလေးတွေကို ကျောင်းတက်ခွင့်ပြုမှသာပဲ ပြန်လည်ရှင်သန် တိုးတက်ကြီးပွားဖို့ ရှိပါတယ်" ဟု နစ်ကလက်ဆန်က တွစ်တာတွင် ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly