ပါကစ္စတန်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးတင်ပြရန် တက်ကြွလှုပ်ရှားသူများက လူထုစည်းဝေးပွဲများ ပြုလုပ်

By International The News
21 December 2021
ပါကစ္စတန်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးတင်ပြရန် တက်ကြွလှုပ်ရှားသူများက လူထုစည်းဝေးပွဲများ ပြုလုပ်

ပါကစ္စတန်နိုင်ငံတွင် ဒီဇင်ဘာ ၁၀ ရက်၌ ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ကရာချိမြို့တွင် လူထုစည်းဝေးပွဲများကို လုပ်ဆောင်ခဲ့ကြသည်။ ယင်းသို့ စုဝေးပွဲများအတွင်း နိုင်ငံတွင် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေမှုများကို ပြစ်မှုတစ်ခုအဖြစ် ကြေညာရန်နှင့် ပျောက်ဆုံးနေသူအားလုံးကို ပြန်ရှာတွေ့နိုင်ရေးအတွက် လုပ်ဆောင်ရန် ၎င်းတို့က အစိုးရကို တောင်းဆိုခဲ့ကြသည်။

ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်နှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များတို့က နိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုးပြသရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် လူထုစည်းဝေးပွဲတစ်ခုကို စီစဥ်ခဲ့ကြခြင်း ဖြစ်သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ လူထုစည်းဝေးပွဲကို ရီဂယ် ချော့ခ် အရပ်၌ စတင်ခဲ့ပြီး ကရာချိ သတင်းမီဒီယာ ကလပ် (KPC) တွင် အဆုံးသတ်ခဲ့သည်။

ထိုလူထုစည်းဝေးပွဲကို ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် ပူးတွဲဥက္ကဋ္ဌ အာဆက်ဒ် အစ်ခ်ဘဲလ် ဘတ်က ဦးဆောင်ခဲ့သည်။

အခြားသော ပါဝင်သူများထဲတွင် အလုပ်သမားရေးရာနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် ကာရာမက် အလီ၊ ကာဇီ ခီဇာ ၊ ဆာအိဒ် ဘာလို့ချ် ၊ နက်ဆီရာ မန်ဆော၊ ဆာရန်း ဂျိုယို ၊ အဗ္ဗဒူလ် ခါလစ် ဂျွန်ဂျိုနှင့် မာနက်ဇ် ရာမန် တို့သည် လူသိများသူများ ဖြစ်ကြသည်။

နိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အလျင်အမြန် တိုက်စားခံနေရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောခဲ့ကြသည်။ အများပြည်သူတို့၏ သိရှိပိုင်ခွင့်၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့်၊ စိတ်ကူးအမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့က မည်သည့် ဒီမိုကရေစီဖွဲ့စည်းပုံတွင်မဆို မရှိမဖြစ် လိုအပ်ကြောင်း ၎င်းတို့က ပြောခဲ့ကြသည်။

ထို့ပြင် ဂွာဒါတွင် ဒေသခံများ၏ အခွင့်အရေးဆိုင်ရာ တောင်းဆိုသော ကမ်ပိန်းတစ်ခုသို့ တက်ရောက်ခဲ့ခြင်းအတွက် အဝါမီ အလုပ်သမား ပါတီ ဥက္ကဋ္ဌ ဝါရင့်နိုင်ငံရေးသမား ယူဆက်ဖ် မက်စ်တီ ခန်းအပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲဆိုထားမှုကို အဆုံးသတ်စေရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

အလားတူ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နှင့် ဆက်နွယ်ပြီး ခရစ်ယာန် အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Muttahida Masihi ကောင်စီကလည်း သီးခြား ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ယင်းဆန္ဒပြပွဲ၌ ဟောပြောသူများက ပြောကြားရာတွင် နိုင်ငံတွင် အတင်းအကျပ် အယူဘာသာပြောင်းခိုင်းမှု၊ အသက်မပြည့်သေးသည့် မိန်းကလေးများကို လက်ထပ်ခိုင်းမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ မြင့်တက်နေကြောင်းနှင့် အစိုးရအနေဖြင့် ယင်းကဲ့သို့ ဖြစ်စဥ်များအပေါ် တားဆီးရန် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နေခြင်း မရှိကြောင်း ၎င်းတို့က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly